သာယာဝတီမြို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး (Talk Show) ပြုလုပ်

သာယာဝတီ       အောက်တိုဘာ   ၁၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့မနက် ၁၀ နာရီက စားသုံးသူရေးရာကာကွယ်ရေးဆိုင်ရာ အသိပညာပေး (Talk Show) ပြုလုပ်ခဲ့သည်။

အဆိုပါ Talk Show အစီအစဉ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အိအိအောင်က(Talk Show)ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးအောင်သိန်းက စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်နှင့် တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်အလက်များသိရှိစေရန်၊ စားသုံးသူများဘေအန္တရာယ်ကင်းရှင်းစေရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရှိစေရေးအတွက် အာမခံချက်ပေးနိုင်သည့် အရည်အသွေးမြင့်မားသော ကုန်စည်ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်းပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေအချက်အလက်များကို သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ Talk Show ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ခရိုင်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူးဒေါ်ခိုင်ခိုင်ရီနှင့်မြို့နယ်တာဝန်ခံ ဒေါ်အေးသန္တာထွန်းတို့က စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၉)ပါ စားသုံးသူ၏ အခွင့်အရေး(၈)ချက်ဖြစ်သည့် စားသုံးသူများအတွက် ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှုရရှိစေခြင်း၊ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရှိခြင်း၊ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် လိုအပ်သော သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာ(သို့မဟုတ်)အထောက်အထားရယူခွင့်ရှိခြင်း၊ ဈေးကွက်အတွင်းရှိ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူစိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်ခွင့်ရှိခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များတွင် ရှင်းလင်တင်ပြခွင့်နှင့် တိုင်ကြားခွင့်ရရှိနိုင်စေခြင်း၊ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်ကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်း၊ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် အသိပညာဗဟုသုတများ၊ အခွင့်အရေးများနှင့် လိုအပ်သောအချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်ရှိခြင်း၊ ပစ္စုပ္ပန်တွင်သာမက အနာဂတ်မျိုးဆက်သစ်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင်  နေထိုင်နိုင်ခွင့်ရရှိစေခြင်း စသည့်အချက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

သာယာဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ Talk Show များ၊ စာဖတ်ဝိုင်းများနှင့်အတူ Online မှတစ်ဆင့် အသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ် စီစဉ်တင်ဆက်လျက်ရှိသည်။

သန့်ဇော် (ပြန်/ဆက်)