စလင်းမြို့နယ်အတွင်းရှိ မြို့မစည်ပင်သာယာစျေး အတွင်းအပြင်စားသုံးရန်မသင့်သည့် အစားအသောက်အမှတ်တံဆိပ်ပါ (၆) မျိုးရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

စလင်း အောက်တိုဘာ ၁၈

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် မြို့မစည်ပင်သာယာစျေးကြီး အတွင်းအပြင်နှင့် ရပ်ကွက်များအတွင်း ရောင်းချလျက်ရှိသော မုန့်ဆိုင်၊ ကုန်စုံဆိုင်များတွင် စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသည့် စျေးကွက်အတွင်း ပွင့်ဖူးအောင် အမှတ်တံဆိပ်ပါ ယိုစုံနှင့်အချိုရည်(၅)မျိုးတို့အား စျေးကွက်အတွင်းရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့မစျေးကြီး အတွင်းအပြင်နှင့် မြို့ပေါ်ရပ်ကွက်များအတွင်း ရောင်းချလျက်ရှိသော စျေးဆိုင်များအား စားသုံးသူရေးရာ ဦးစီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကိုက်ညီမှုမရှိသော ပွင့်ဖူးအောင်ယိုစုံ အပါအဝင်ပစ္စည်း (၆) မျိုးအား စည်ပင်သာယာစျေးဝန်ထမ်းများနှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ်အတွင်းရှိ မြို့မစျေးအတွင်းအပြင်နှင့် မြို့ပေါ်ရပ်ကွက်များအတွင်း ရောင်းချလျက်ရှိသော စျေးဆိုင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန၏ ခွင့်ပြုချက်မရှိဘဲ တရားမဝင် ရောင်းချလျက်ရှိသော ပွင့်ဖူးအောင်ဇီးယို၊ OHI Good Tadte စတော်ဘယ်ရီအချိုရည်၊ စပျစ်အချိုရည်၊ နာနတ်အချိုရည်၊ သံပုရာအချိုရည်၊ လိမ္မော်အချိုရည်များအား စားသုံးရန်မသင့်ဟု စစ်ဆေးတွေ့ရှိရသည်။ မကွေးတိုင်း ချောက်မြို့နယ်အတွင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်နှင့်ကုန်စုံဆိုင်များမှ အစားအသောက်နမူနာ (၁၉)မျိုး အားဓာတ်ခွဲစစ်ဆေးခဲ့ရာ ဓာတုဆေးဝါးများ အလွန်အကျွံသုံးစွဲကြောင်း စစ်ဆေးတွေ့ရှိရ၍ စားသုံးရန်မသင့်ကြောင်း တွေရသည်။ စလင်းမြို့နယ်အတွင်းရှိ စျေးဆိုင်များ၊ ကုန်စုံဆိုင်များအား စျေးကွက်အတွင်း လက်ကျန်မရှိစေရေး၊ ရောင်းချခြင်း ရှိ၊ မရှိ စစ်ဆေးခြင်းဆောင်ရွက်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆန်းလင်းမောင်က ရောင်းချခြင်းတွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ကုန်ပစ္စည်းများ အား ရောင်းချရာတွင် အမှတ်တံဆိပ်များနှင့် ရက်လွန်ရက်စွဲများထည့်သွင်းဖော်ပြကြရန်၊ ဒါမှသာ ပြည်သူအများ စားသုံးရန် သင့်၊ မသင့်တို့ကို ဆွေးနွေးပြောကြားခဲ့ပြီး စလင်းမြို့နယ် အတွင်း ထုတ်ပြန်ထားသည့်ပစ္စည်း ၆ မျိုးအား စျေးကွက်အတွင်း ရောင်းချမှုမရှိကြောင်း သိရသည်။

မောင်လွင်(စလင်း)