ကလိန်အောင် အောင်တိုဘာ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့သည် ကွမ်းသီးပင်များစိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းပြီး ယခုနှစ်တွင် ကွမ်းသီးမှည့်များ အထွက်နှုန်းကောင်းမွန်သောကြောင့် ကွမ်းသီးခြံပိုင်ရှင်များနှင့် တစ်ပိုင်တစ်နိုင်ကွမ်းသီးလုပ်ကိုင်နေသူမိသားစုများ အပိုဝင်ငွေရရှိလျက်ရှိကြောင်း ကွမ်းခြံလုပ်ကိုင်သူထံမှ သိရသည်။
ယခင်နှစ်က ကလိန်အောင်မြို့အတွင်း၌ ကိုဗစ်-၁၉ ရောဂါကြောင့် ကုန်စည်စီးဆင်းမှုနည်းပါး ခဲ့ပြီး ကွမ်းသီးအမှည့်တစ်လုံးလျှင် ငွေ(၁၅)ကျပ်အထိသာရရှိခဲ့ပြီး ကွမ်းသီးခြံပိုင်ရှင်များနှင့် တစ်ပိုင်တစ်နိုင်ကွမ်းသီးလုပ်ကိုင်နေသူများ ဝင်ငွေနည်းပါးခဲ့သည်။
ယခုနှစ်တွင် ကလိန်အောင်မြို့ပေါ်၌ ကွမ်းသီးပေါ်ချိန်တွင် ပေါက်ဈေးမှာ ကွမ်းသီးအမှည့်တစ်လုံးလျှင် ငွေ(၃၅)ကျပ်၊ ကွမ်းသီးပါကင်တစ်ပိဿာလျှင် ငွေ(၇၀၀၀)ကျပ်၊ ကွမ်းသီးအညိုသီးတစ်ပိဿာလျှင် ငွေ(၅၀၀၀)ကျပ်၊ ကွမ်းသီးအပုတ် တစ်ပိဿာလျှင် ငွေ(၂၀၀၀)ကျပ်အထိ စျေးကောင်းများပြန်လည်ရရှိခဲ့သဖြင့် ကွမ်းသီးအရောင်းအဝယ် လုပ်ကိုင်သူထံမှသိရပြီး ကွမ်းသီးခြံပိုင်ရှင်များနှင့် တစ်ပိုင်တစ်နိုင်ကွမ်းသီးလုပ်ကိုင်နေသူ မိသားစုများ အပိုဝင်ငွေရရှိလျက်ရှိသည်။
အဆိုပါကွမ်းသီးများကို အဓိကတင်ပို့တာကတော့ ရန်ကုန်မြို့၊ ထားဝယ်မြို့၊ မော်လမြိုင်၊ ရေးမြို့အထိ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။ ကလိန်အောင်မြို့သည် စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးအဖြစ် အဓိကလုပ်ကိုင်လျက်ရှိပြီး ကွမ်းသီးခြံများကို မြို့အတွင်းရှိ ကျေးရွာများဖြစ်သော ကျောက်ရှပ်၊ ရေပုံး၊ နှမ်းကျဲ၊ မိကျောင်းလှောင်း၊ ရာဖူး စသည့် ကျေးရွာများတို့က စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)