မြို့သစ် အောက်တိုဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ဆန်စပါးဖူလုံပိုလျှံရေး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌မိုး စပါးစိုက်ပျိုးရာ (၅၅၁၀၀) ဧကကျော်စိုက်ပျိုးပြီးစီးကြောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။
မြို့သစ်မြို့နယ်တွင် ရာသီဥတုပြောင်းလဲမှုကြောင့် မိုးစပါးစိုက်ပျိုးရာတွင် အခက်အခဲများ ရှိသော်လည်း သိပ္ပံနည်းကျ ပျိုးထောင်စိုက်ပျိုးသွားမည်ဆိုပါက စပါးတစ်ဧကအတွက် မျိုးစေ့ (၁၀) ပြည်အသုံးပြုရကြောင်းနှင့် ပျိုးသက်နုချိန် စပါးပျိုးသက် (၂၅) ရက်သားအရွယ်တွင် ပြောင်းရွေ့စိုက်ပျိုးရပြီး၊ စိုက်ပျိုးရာတွင် ခြောက်တန်းတစ်တန်းလှပ်စနစ်ဖြင့် စိုက်ပျိုးပြီး ကောက်ကွက်တစ်ကွက်တွင် ပျိုးပင် (၂) ပင်မှ (၃) ပင်နှုန်း၊ တန်းကြား (၈)လက်မ၊ ပင်ကြား (၆)လက်မ စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီး(၁၅)ရက်တွင် ရေတင်ခြင်း၊ မြေဩဇာကျွေးခြင်း၊ ပေါင်းနှုတ်ခြင်း၊ ကောက်ကွက်ဖာခြင်းများ ပြုလုပ်ရကြောင်း၊ (၄၅)ရက်ရောက်ရှိပါက ဒုတိယအကြိမ် ရေတင်ခြင်း၊ မြေဩဇာကျွေးခြင်း၊ ပေါင်းနှုတ်ခြင်းများ ဆောင်ရွက်ပြီး (၆၅) ရက်တွင် စပါးနှံသန္ဓေကပ်ချိန်ဖြစ်၍ ရက်ပေါင်း(၁၀၅)ရက်ရောက်ရှိချိန်တွင် မြေဩဇာ ကျွေးခြင်းများ ထပ်မံပြုလုပ်ရကြောင်း ရက်ပေါင်း (၁၃၅) ရက်ကျော်လွန်ပါက စပါးရိတ်သိမ်းခြင်းများ ဆောင်ရွက်ရကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် စိုက်ပျိုးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် မိုးစပါးစိုက်ပျိုးသူ တောင်သူများ အား သိပ္ပံနည်းကျ စနစ်တကျစိုက်ပျိုးခြင်းဖြင့် အောင်မြင်သန့်ရှင်းသော မျိုးကောင်းမျိုးသန့်များ ရရှိစေရန် အထွက်နှုန်းကောင်းမွန်သေချာစေရန် စိုက်နည်းစိုက်ဟန်ဖြင့် လိုအပ်သည်များကို စနစ်တကျဆောင်ရွက်ပေးခြင်း၊ တစ်ဧကအထွက်နှုန်းတိုး၍ မိုးစပါးစိုက်ပျိုးသူတောင်များ အနေဖြင့် ဝင်ငွေတိုးစေရန် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်ဆက်)