သရက်ချောင်း အောက်တိုဘာ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ဥယျာဉ်ခြံလုပ်ကိုင်နေသူများနှင့် တောင်ယာလုပ်ကိုင်သူများသည် နှစ်ရှည်အပင်များနှင့် ရာသီပေါ်သီးနှံများစိုက်ပျိုးကြရာ နှစ်ရှည်အပင်အဖြစ် ကွမ်းသီးပင်ပေါ်ထွန်းချိန်အချိန်ကာလကို ရောက်ရှိလာ၍ ကွမ်းသီးပင်များမှ ပေါ်ဦးပေါ်ဖျားကွမ်းသီးအကျများ ရောင်းချရာမှ စျေးကောင်းရရှိခဲ့ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်တွင် ကွမ်းသီးပင်စိုက်ပျိုးသည့်တောင်သူများက မိုးဦးကာလတွင် ဥယျာဉ်ခြံလုပ်ကိုင်နေသူများသည် ကွမ်းသီးပျိုးပင်များစိုက်ထည့်ရခြင်း၊ ကွမ်းသီးပင်ဖြစ်လာစေရန် အချိန်ကာလများစွာပျိုးထောင်ရကြောင်း၊ ရေလုံလောက်စွာပေးရခြင်း၊ ဓာတ်မြေသြဇာများ စနစ်တကျပေးရခြင်း၊ ကွမ်းသီးအမှည့်များကို မိုးနှောင်းကာလ အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် အသီးများစတင်ခူးကြောင်း ယခုအချိန်တွင် ခူးသောကွမ်းသီးများက ပေါ်ဦးပေါ်ဖျားကွမ်းသီးများဖြစ်၍ သရက်ချောင်းမြို့ရှိ ကွမ်းသီးအဝယ်တိုင်များထံ ရောင်းချရာမှ ကွမ်းသီးအမှည့်တစ်လုံးလျှင် ၄၀ ကျပ်မှ ၅၀ ကျပ်အထိ စျေးကောင်းရရှိကြောင်း ဥယျာဉ်ခြံလုပ်ကိုင်နေသူ တောင်သူဦးကြည်လွင်ထံမှ သိရသည်။
သားကြီး(သရက်ချောင်း)