ပေါက်ခေါင်း အောက်တိုဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်ရှိ ဒေသခံတောင်သူများ၏ လယ်ယာမြေများတွင် ယခုနှစ်မိုးရာသီ၌ ပဲမျိုးစုံ(၁၀၈၄၉)ဧက စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
ပေါက်ခေါင်းမြို့နယ်ရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးကိုအဓိကထားလုက်ကိုင်ကြပြီး နှစ်စဉ်နွေစပါး၊ မိုးစပါးသီးနှံ၊ ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ ပဲမျိုးစုံနှင့်ဝါများကို စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ်မိုးရာသီတွင် ပဲတီစိမ်း(၁၁၃၄)ဧက၊ ပဲစင်းငုံ(၉၅၉၁)ဧကနှင့် ပဲပုပ်(၁၂၄)ဧက စုစုပေါင်းပဲမျိုးစုံ(၁၀၈၄၉)ဧကကို စိုက်ပျိုးထားရှိကြောင်းသိရသည်။ ဝါဈေးကွက်အနေဖြင့်လည်း ယခင်နှစ်က ဝါတစ်ပိသာလျှင်(၂၃၀၀)ကျပ်အထိ ဈေးရရှိသည့်အတွက် ယခုနှစ်တွင် ချည်မျှင်ရှည်ဝါကိုတောင်သူများ ပိုမိုစိုက်ပျိုးလာကြကြောင်းနှင့် ယခုနှစ် ပဲတီစိမ်းစိုက်တောင်သူများအနေဖြင့်လည်း ယခင်နှစ်ကထက်ဈေးနှုန်းပိုမိုရရှိပြီး ပဲတီစိမ်းတစ်တင်းလျှင် ကျပ်ငါးသောင်းအထက်ရရှိကြောင်း တောင်သူများထံမှသိရသည်။ ပဲမျိုးစုံနှင့်ဝါသီးနှံမျိုးကောင်းမျိုးသန့်များရွေးချယ်စိုက်နိုင်ရေး၊ စိုက်ခင်းများအောင်မြင်ဖြစ်ထွန်းပြီး ပိုးမွှားကျရောက်မှုမရှိစေရေးအတွက် နည်းပညာများဖြန့်ဝေ အသိပေးခြင်းလုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ်မိုးရာသီစိုက် ပဲတီစိမ်းစိုက်ခင်းများ စတင်ခူးဆွတ်လျက်ရှိပြီး တစ်ဧကအထွက်နှုန်းမှာ ၁၆ တင်းခန့်ထွက်ရှိကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)