ဖြူး အောက်တိုဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း နွေစပါးမိုးစပါးများ လုပ်အားအင်အား သက်သာစေသောနည်းစနစ်ဖြင့် အထွက်နှုန်းကောင်းစေရန် မျိုးကောင်းမျိုးသန့်စပါးများ စိုက်ပျိုးစေခြင်းကို ဆောင်ရွက်နေလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက ချင်းခင်ကျေးရွာအုပ်စု၊ ချင်းခင်ကျေးရွာ၊ တောင်သူ ဦးမြင့်ဝင်း၏ စပါးအစေ့ချကိရိယာဖြင့် စိုက်ပျိုးခဲ့သည့် မျိုးကောင်းမျိုးသန့်စိုက်ခင်း(၅)ဧက စံပြစိုက်ကွက်အား တောင်သူများအထွက်နှုန်းသိရှိစေရေးအတွက်ရည်ရွယ်ကာ စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကတွင် အစို(၁၁၁)တင်း ထွက်ရှိကြောင်းသိရသည်။
အဆိုပါ စံကွက်ရိတ်သိမ်းသည့် စိုက်ကွက်သည် မိုးစပါး- ဆောင်းပဲဒီစိမ်း- နွေစပါး(၃)သီးစား စိုက်ပျိုးသည့် စံကွက်ဖြစ်ပြီး ဇွန်လ(၂၀)ရက်နေ့က မျိုးကောင်းမျိုးသန့် စပ်မျိုးစပါးအား မျိုးစေ့တိုက်ရိုက်ချကိရိယာ(Drum Seeder)ဖြင့် ကျေးရွာဒေသခံတောင်သူများ အသိပညာပေး စိုက်ပျိုးပြသပေးခဲ့သည့် စိုက်ကွက်ဖြစ်ကြောင်းနှင့် စံကွက်ရိတ်သိမ်းရာတွင် (၆၅)ပေ ပတ်လည်အကွက်အား စပါးရိတ်စက်ဖြင့် ရိတ်သိမ်းသရုပ်ပြခဲ့ကြောင်းသိရသည်။ စံကွက်ရိတ်သိမ်းရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာဒေသခံတောင်သူများ တက်ရောက်အားပေး လေ့လာခဲ့ကြောင်းသိရသည်။
နေမျိုးလွင်(ပြန်/ဆက်)