ရှမ်းရွာသစ်မြို့တွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသည့် မြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ရှမ်းရွာသစ် အောက်တိုဘာ ၁၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးရွာအုပ်စုများတွင် ဒေသနေပြည်သူအများစုသည် တောင်ယာလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းတွဲဖက်ကာ ဆောင်းသီးနှံတစ်မျိုးဖြစ်သော မြေပဲစိုက်ပျိုးသည့်လုပ်ငန်းကို တစ်ပိုင်တစ်နိုင်လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး မြေပဲစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် ဝဥစိုက်ပျိုးသည့်လုပ်ငန်း၊ တစ်ပိုင်တစ်နိုင်ဥယျာဉ်ခြံ မြေစိုက်ပျိုးသည့် လုပ်ငန်းများအပြင် ဆီထွက်သီးနှံများဖြစ်သော မိုးနှောင်းနှမ်း၊ နေကြာနှင့်မြေပဲတို့ကို အဓိကထား လုပ်ကိုင်စိုက်ပျိုးကြပြီး စိုက်ပျိုးစရိတ်ကုန်ကျမှုနည်းပါးသော မြေပဲသီးနှံကို စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး၊ ပြည်တွင်း စားသုံးဆီဖူလုံစေရေး၊ စိုက်ပျိုးတောင်သူများ တစ်ဧက အထွက်နှုန်း တိုးတက်ကောင်းမွန်စေရေး၊ မျိုးကောင်းမျိုးသန့်များ စနစ်တကျ စိစစ်ရွေးချယ် စိုက်ပျိုးနိုင်စေရေးနှင့် တောင်သူများ ဝင်ငွေတိုးတက်စေရေးတို့အတွက် နှစ်စဉ်စိုက်ပျိုးကြကြောင်း သိရသည်။

မြေပဲစိုက်ပျိုးရာတွင် အတန်းလိုက်စနစ်ဖြင့် စိုက်ပျိုးကြပြီး အပွင့်မပွင့်မီနှင့် အပွင့်ပွင့်သီးကင်းလိုက် ချိန်တွင် မိုးသတ်ဆေးများ၊ အားဆေးများ ပက်ဖျန်းရကြောင်း၊ ကုန်ကျစရိတ်သက်သာပြီး တစ်ပိုင်တစ်နိုင် စိုက်ပျိုးနိုင်သည့်အတွက်ကြောင့် နှစ်စဉ်မြေပဲစိုက်ပျိုးသည့် လုပ်ငန်းကို လုပ်ကိုင် လျက်ရှိကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြေပဲများအထွက်နှုန်း ကောင်းမွန်စွာထွက်ရှိရေးနှင့် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းစေရန် မြေဆီလွှာတွင် အာဟာရဓာတ်များပါဝင်မှု စစ်ဆေးပေးခြင်း၊ ဓာတ်မြေဩဇာ စနစ်တကျအသုံးပြုစေခြင်း၊ မြေပဲများအောင်မြင်စွာ စိုက်ပျိုးနိုင်ရေးနှင့် ရောဂါပိုးကျရောက်မှုမရှိစေရေးအတွက် စိုက်ပျိုးရေးဆိုင်ရာနည်း ပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)