မြဝတီမြို့နယ် ဘောလုံးအသင်းမှ အောင်နိုင်ရေးအလံနှင့် အောင်နိုင်ရေးဒိုင်း ဆုပေးအပ်ပွဲကျင်းပ

မြဝတီ အောက်တိုဘာ ၁၈

မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရေးအတွက် နိုင်ငံတော်မှ အားကစားနည်းများကို ကဏ္ဍအလိုက် ဘက်ပေါင်းစုံမှ အဆင့်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် (၁၈) နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ  မြို့နယ်အလိုက် မြို့နယ်အဆင့်အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲကို ကရင်ပြည်နယ်တွင် ကျင်းပခဲ့ရာ မြဝတီမြို့နယ်ကိုယ်စားပြု အမျိုးသားဘောလုံးအသင်းမှ အောင်နိုင်ရေးအလံနှင့် အောင်နိုင်ရေးဒိုင်းဆု (ပထမ) ကို ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆုရရှိသော မြဝတီမြို့နယ်ကိုယ်စားပြု အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံး အသင်းသည် ဘားအံမြို့မှ မြဝတီမြို့သို့ ယမန်နေ့လယ် ၁ နာရီတွင်  ပြန်လည်ရောက်ရှိလာရာ မြဝတီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ၊ ကျောင်းသူ/ကျောင်းသား များနှင့် မြို့မိမြိုဖများက တခဲနက် သွားရောက်ကြိုဆိုဂုဏ်ပြုခဲ့ကြပြီးနောက် ဆုရရှိခဲ့သည့်  အမျိုးသားဘောလုံးအသင်းအား  မြဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်လွင်နှင့် အဖွဲ့ဝင်များက နေ့လယ် ၁ နာရီခွဲတွင် ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်  မြဝတီခရိုင် စီမံအုပ်ချူပ်ရေးကော်မတီဥက္ကဋ္ဌ  ဦးစိုးတင့်က ကျောင်းနေအရွယ် မှစ၍ အားကစားကို လေ့လာသင်ယူကြစေလိုကြောင်းနှင့် မိမိမြို့/ရွာအပြင် နိုင်ငံတော်အတွက် အားထားရသည့် ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ   ပေါ်ထွက်လာစေလိုကြောင်း   ဂုဏ်ပြုအမှာစကား ပြောကြားပေးသည်။

ထို့နောက်    မြဝတီမြို့နယ် ပညာရေးဦးစီးဌာနမှ   မြို့နယ်ပညာရေးမှူး   ဦးမြင့်ဦးက  မြို့နယ်အဆင့် အမျိုးသားဘောလုံးပြိုင်ပွဲတွင်  ပထမဆုရရှိခဲ့သည့် ဒိုင်းဆုကြီးနှင့် အောင်နိုင်ရေးအလံအား ပေးအပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးတင့်က လက်ခံရယူခဲ့ပြီး  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးအောင်မင်းစိုးက ဆုရရှိခဲ့သည့် အမျိုးသားဘောလုံးအသင်းအား  ဂုဏ်ပြုဆုငွေ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)