စုကလိမြို့ထွက် တောင်ယာသခွားသီးများ အရွယ်အစားပေါ်မူတည်၍ ဈေးကောင်းရရှိ

စုကလိ အောက်တိုဘာ ၁၈

မြဝတီခရိုင်၊ စုကလိမြို့သည် ရေခံမြေခံအခြေခံကောင်းသော မြို့ဖြစ်သည်နှင့်အညီ စိုက်ပျိုးရေးကိုအခြေခံသည့် မြို့တစ်မြို့လည်းဖြစ်သည်။ စုကလိသည် တောင်ပေါ်မြို့ဖြစ်သည့်အားလျော်စွာ ဒေသခံများအနေဖြင့် တောင်ယာများတွင် စပါး၊ ပြောင်း၊ သခွားသီး၊ ငရုတ်သီး အစရှိသည့်သီးနှံများကို ရာသီအလိုက်စိုက်ပျိုးကြရာ ယခုအချိန်တွင် စုကလိဒေသထွက် တောင်ယာသခွာသီးများ လှိုင်လှိုင်ထွက်ရှိနေပြီဖြစ်သည်။

တောင်ယာသခွားသီးများမှာ မြေပြန့်နှင့်ရှမ်းပြည်ထွက် သခွားသီးများထက် အလုံးအရွယ်အစား ပိုမိုကြီးမားပြီး ကျောက်ဖရုံသီး၊ ဖရဲသီးတို့ကဲ့သို့ ပုံသဏ္ဍာန်ရှိသည်။ အဆိုပါသခွားသီးများကို အသားများနှင့်ရောချက်၍သော်လည်းကောင်း၊ သုပ်၍သော်လည်းကောင်း၊ ငါးပိချက်နှင့် တွဲဖက်သည့် တို့စရာအဖြစ်သော်လည်းကောင်း စားသုံးကြသည်။

အဆိုပါ တောင်ယာသခွားသီး အရွယ်အစားပေါ်မူတည်၍ ဈေးကောင်းရရှိပြီး ထိုင်းဘတ်ငွေ ၁၅ ဘတ်မှ ၅၀ ဘတ်အထိ ဈေးပေါက်ကြောင်း၊ အနီးနားရှိကျေးရွာများမှလည်း လာရောက်ဝယ်ယူလေ့ရှိကြောင်း သိရှိရသည်။

ပိုပိုအောင်