နတ်မောက် အောက်တိုဘာ ၁၈
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ဆောင်းသီးနှံများအနက် ဆီထွက်သီးနှံဖြစ်သော နှမ်းသီးနှံကို စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ မိုးရာသီကာလတွင် မိုးဦးမိုးနည်းပါးခြင်း၊ မိုးရွာသွန်းမှု အကြိမ်ရေ နည်းပါးခြင်းကြောင့် မိုးနှမ်းစိုက်ပျိုးရာ၌ အထွက်နှုန်း ညံ့ဖျင်းသော်လည်း နှမ်းစျေးကောင်းရရှိသဖြင့် တောင်သူများ အနေဖြင့် ဆောင်းနှမ်းများ ပိုမိုစိုက်ပျိုး လာကြကြောင်း ကြူအိုင်ကျေးရွာရှိ တောင်သူတစ်ဦးဖြစ်သူ ကိုနိုင်ထံမှ သိရသည်။
“ကျွန်တော်တို့ကတော့ မိုးဦး နှမ်းရိတ်သိမ်းပြီးတဲ့အခါမှာ ထယ်ရေးများ ပြုပြင်ဆောင်ရွက်ပြီး ဒေသအခေါ် နှမ်းကြီးပေါ့ဗျာ စိုက်ပျိုးရေးဌာန အခေါ်ကတော့ ဆောင်းနှမ်းပေါ့၊ အဲဒီဆောင်းနှမ်းကို မိုးရွာမှုပေါ် မူတည်ပြီး တော်သလင်းလဆန်းမှာ စတင်စိုက်ပျိုးကြတာပေါ့၊ တချို့က ဂျောင်းစနစ်နဲ့ ကြဲကြပြီး ပက်ကြဲစနစ်နဲ့လည်း စိုက်ပျိုးကြပါတယ်။ အခုဆိုရင် ဆောင်းနှမ်းစိုက်ပျိုးသည့်ရက်ပေါင်း (၄၅)ရက် ကျော်လာတဲ့အတွက် အဖူးအပွင့်နဲ့ အသီးများ သီးလာပြီဖြစ်ပါတယ်။ မိုးဦးနှမ်းကို ဆောင်းသီးနှံ စိုက်ပျိုးရာမှာ အရင်းအနှီးအနေနဲ့ရောင်းချ ပြီးတော့ ထွက်ရှိလာမယ့် ဆောင်းနှမ်းကို မရောင်းတော့ဘဲ မိမိအိမ် စားသုံးဆီအဖြစ် ကြိတ်ခွဲစားသုံးမှာပါ”ဟု ဆောင်းနှမ်း စိုက် တောင်သူတစ်ဦးက ပြောသည်။
မူမူစန်း