ကမမောင်း အောက်တိုဘာ ၁၈
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် လူကုန်ကူးမှုအန္တရာယ်အကြောင်းကို ပြည်သူများသိရှိစေရန် ရည်ရွယ်၍ အသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာထောက်-၃(အင်အားပြ) ဒေါ်တင်တင်လှက အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားပြီး၊ ရုပ်သံကျွမ်းကျင်-၃ (အင်အားပြ) ဦးသန့်ဇင်ဝင်းက လူကုန်ကူးခြင်းသည် ကလေးသူငယ်များကို အဓိက ပစ်မှတ် ထား၍ လုပ်ဆောင်နေကြောင်း၊ ယခုအချိန်တွင် မည့်သူကိုမျှမယုံကြည့်သင့်ကြောင်း၊ မိမိမသိ သောမည်သူမဆိုခေါ်ပါကမလိုက်သင့်ကြောင်း၊ လူကုန်ကူးမှုဆိုင်ရာပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းသိကောင်းစရာများ၊ လူကုန်ကူးခံရသူကိုအကူအညီပေးရမည့် လိုအပ်ချက်များ အကြောင်းနှင့် သတိပြုရမည့်သူများ စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲ(Talk Show)ကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
သန့်ဇင်(ကမမောင်းပြန် /ဆက်)