မော်လမြိုင်ကျွန်း အောက်တိုဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့ နေလယ် ၁ နာရီအချိန်က ဆောင်ရွက်သည်။
အဆိုပါ Talk Show အစီအစဉ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်ဝင်းထွန်းနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နှင်းမိုးလှိုင်က အားကစားအမျိုးအစား (၄) မျိုး၊ ကျန်းမာရေးအတွက်လမ်းလျှောက်ခြင်း (၃) မျိုး၊ လမ်းလျှောက်ခြင်းဖြင့် ရရှိလာသည့်အကျိုးကျေးဇူးများ၊ ယနေ့သိပ္ပံခေတ် ဆေးပညာလောကတွင် ရောဂါကုထုံးတော်တော်များများကို လမ်းလျှောက်ခြင်းဖြင့် ကုစားနိုင်ကြောင်း၊ လူတိုင်းနေ့စဉ် ပုံမှန်လုပ်ဆောင်နေသည့် လေ့ကျင့်ခန်းများ၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း (၄)မျိုးဖြစ်သည့် သက်လုံကောင်းမှုနှင့်သက်ဆိုင်သော လေ့ကျင့်ခန်းများ၊ ကြွက်သားအင်အားသန်မာမှုအတွက် လေ့ကျင့်ခန်းများ၊ ခန္ဓာကိုယ်ဟန်ချက် ထိန်းသိမ်းမှုနှင့်ဆိုင်သော လေ့ကျင့်ခန်းများ၊ ခန္ဓာကိုယ် ပျော့ပြောင်းစေသော လေ့ကျင့်ခန်းများနှင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများ၊ ကာယလေ့ကျင့်ခန်းများပြုလုပ်ရာတွင် သတိထားရမည့်အချက်များ၊ အားကစားပြုလုပ်ခြင်းဖြင့် နိုင်ငံတော်အတွက်ရရှိမည့် အကျိုးကျေးဇူးများ၊ အားကစားသမား တစ်ယောက်တွင် ရှိရမည့် ပင်ကိုယ်အရည်အသွေး (၇) ရပ်နှင့် အားကစား၏ ထူးခြားသော ဝိသေသလက္ခဏာများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်အောင်(ပြန်/ဆက်)