ဒေးဒရဲမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး

ဒေးဒရဲ အောက်တိုဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ဒေသဖွံဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က မြို့နယ်အတွင်း အခြေခံမဲစာရင်းမှန်ကန်မှုရှိစေရေး၊ မြေပြင်စာရင်းအမှန်ရရှိရေး တိုက်ဆိုင်စစ်ဆေးသွားရန်၊ ကျေးရွာစိုက်ကွင်းများတွင် ဖျက်ပိုးများ ကျရောက်ပါက ဒေသအာဏာပိုင်များနှင့် ဆက်သွယ်၍ ကာကွယ်ရေးနည်းလမ်းများ ရယူဆောင်ရွက်ကြရန်၊၊ နွေစပါးအား အကျိုးတူလယ်ယာစနစ်ဖြင့် ဆောင်ရွက်သွားမည့် လုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု များပြားလာသည့်အတွက် ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ နေထိုင်ရေး၊ အသိပညာပေး Mask Campaign များ ဆောင်ရွက်သွားရန်၊ ယာဥ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းများကို မြို့ပေါ်၊ ကျေးရွာများတွင် ဆောင်ရွက်သွားရန်၊၊ မြို့ပေါ်ကျေးရွာများတွင် အပတ်စဥ်သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ပြီး အဖွဲ့ဝင်(၁) ဗိုလ်မှူးမွန်မြတ်သူစိုးက နယ်မြေအေးချမ်းသာယာရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ ဌာနဆိုင်ရာတာဝန်ရှိသူများက ကျေးရွာပြည်သူများကိုယ်စား ကျေးရွာအုပ်စုမှူးများက တင်ပြလာသော အခက်အခဲများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အေဇာလင်း