ဆိပ်ဖြူမြို့နယ်၌ အခြေခံရှေးဦးပြုစုခြင်း သင်တန်းဆင်းပွဲကျင်းပ

ဆိပ်ဖြူ အောက်တိုဘာ ၁၇

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံးနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့က ပူးပေါင်းဖွင့်လှစ်ခဲ့သည့် အခြေခံရှေးဦးပြုစုခြင်း သင်တန်းအမှတ်စဉ် ၁ / ၂၀၂၂ နှင့် ၂ / ၂၀၂၂ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ ညနေ ၄ နာရီကကျင်းပသည်။

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးကြည်ထွန်းနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးတင်မောင်ထွေးတို့က သင်တန်းဆင်းအမှာစကားများ ပြောကြားပေးသည်။ ထို့နောက် သင်တန်း၌ထူးချွန်ဆုရ ကျောင်းသား/ ကျောင်းသူများအား ဒုတိယမြို့နယ်ပညာရေးမှူး၊  မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌနှင့် ဆိပ်ဖြူ (အ.ထ.က) ကျောင်းအုပ်ဆရာကြီးတို့က ဆုများအသီးသီးချီးမြှင့်ပေးခဲ့ပြီး အခြေခံရှေးဦးပြုစုခြင်း သင်တန်းတက်ရောက်ခဲ့သည့် ကျောင်းသား/ ကျောင်းသူများကို ဒုတိယမြို့နယ်ပညာရေးမှူး ဦးသန်းလွင်နှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတပ်ဖွဲ့မှူး ဦးမောင်မောင်ဝင်းတို့က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်သည်။

ဆိပ်ဖြူမြို့နယ်တွင် သီတင်းကျွတ်ကျောင်းပိတ်ရက်ကာလတွင် ကျောင်းသား/ ကျောင်းသူ မျိုးဆက်သစ်လူငယ် မောင်မယ်များအတွက် ကြက်ခြေနီတပ်ဖွဲ့၏အခြေခံမူများနှင့် ကြက်ခြေနီစိတ်ဓာတ်ကောင်းများ ရှင်သန်မွေးမြူနိုင်ရေး၊ လူမှုကူညီရေးလုပ်ငန်းများ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန်နှင့် သဘာ၀ဘေးအန္တရာယ်များ၊ မတော်တဆမှုကြောင့် ဖြစ်ပွားတတ်သောအန္တရာယ်များ၊ ကူးစက်ရောဂါနှင့် ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးကိစ္စရပ်များကို ကြက်ခြေနီစိတ်ဓာတ်များဖြင့် ကူညီဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ သင်တန်းများဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း အခြေခံရှေးဦးပြုစုခြင်း သင်တန်းအမှတ်စဉ် ၁ / ၂၀၂၂ကို အောက်တိုဘာလ ၁၁ ရက်နေ့မှ အောက်တိုဘာလ ၁၃ ရက်နေ့အထိလည်းကောင်း၊ အခြေခံရှေးဦးပြုစုခြင်း သင်တန်းအမှတ်စဉ် ၂ / ၂၀၂၂ ကို အောက်တိုဘာလ ၁၄ ရက်နေ့မှ အောက်တိုဘာလ ၁၆ ရက်နေအထိ သင်တန်း (၂) ကြိမ်ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသား/ ကျောင်းသူ စုစုပေါင်း ၇၇ ဦးတက်ရောက်ခဲ့သည်။ ကျောင်းသား/ ကျောင်းသူများအတွက် အခြေခံရှေးဦးပြုစုခြင်း သင်ခန်းစာများကို စာတွေ့ လက်တွေ့သင်ကြားပေးခဲ့ကြောင်း မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးတင်မောင်ထွေးက ပြောကြားသိရသည်။

ကိုဇွဲ (အညာမြေ)