မကွေးမြို့ မြသလွန်စေတီတော်ဗုဒ္ဓပူဇနိယပွဲတော် ရိုးရာခြင်းလုံးအလှခတ်ဆပ်ကော်မတီမှ ကြီးမှူးကျင်းပသော သက်ကြီးပူဇော်ပွဲနှင့်ရိုးရာခြင်းလုံးအလှခတ်ပြပွဲကျင်းပ

မကွေး အောက်တိုဘာ ၁၇

မကွေးမြို့ မြသလွန်စေတီတော်ဗုဒ္ဓပူဇနိယပွဲတော် ရိုးရာခြင်းလုံးအလှခတ်ဆပ်ကော်မတီမှ ကြီးမှူးကျင်းပသော ရိုးရာခြင်းလုံးအလှခတ်ပြပွဲနှင့် သက်ကြီးပူဇော်ကန်တော့ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က မကွေးမြို့၊ မြသလွန်ဘုရားကုန်းမြေ၊ သုဘောဂဓမ္မာရုံတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“မြန်မာ့ရိုးရာခြင်းပညာ တိမ်ကောကွယ်ပျောက်မသွားစေရန်နှင့် ယနေ့ခတ်လူငယ်များ မြန်မာ့ရိုးရာခြင်းလုံးအလှခတ်ပညာကို စိတ်ပါဝင်စားစွာ လက်ဆင့်ကမ်းထိန်းသိမ်း ဆောင်ရွက်သွား နိုင်ရန်အတွက် ယခုလိုကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း” မကွေးတိုင်းဒေသကြီး မြန်မာ့ရိုးရာ ခြင်းလုံး အလှခတ် ဆပ်ကော်မတီဥက္ကဋ္ဌ ဦးကျော်နေဝင်းက ပြောကြားသည်။

အဆိုပါ မြန်မာ့ရိုးရာခြင်းအလှခတ်ပြပွဲတွင် မကွေးမြို့အတွင်းရှိ ရွှေညောင်ခြင်းအလှခတ်အဖွဲ့၊ အောင်မေတ္တာခြင်းအလှခတ်အဖွဲ့၊ အေးစေတီဘုရားခြင်းအလှခတ်အဖွဲ့၊ တိုင်းဒေသကြီးခြင်းအလှ ခတ်အဖွဲ့၊ ဖောင်တော်ဦးခြင်းအလှခတ်အဖွဲ့၊ လှမျိုးမင်းခြင်းအလှခတ်အဖွဲ့နှင့် ချမ်းမြေ့သာယာ ခြင်းအလှခတ်အဖွဲ့များမှ မြန်မာ့ရိုးရာခြင်းလုံးအလှခတ်ခြင်းနှင့် တစ်ဦးချင်း ခြင်းခတ်စွမ်းရည်များ အား ပြသခဲ့ကြောင်း သိရသည်။

ထို့နောက် သက်ကြီးပူဇော်ကန်တော့ပွဲအနေဖြင့် အသက်(၆၅)နှစ်အထက် မြန်မာ့ရိုးရာခြင်းလုံး အလှခတ်အဖွဲ့ဝင် ဘိုးဘွားများအား တစ်ဦးလျှင် ငွေကျပ်(၂) သောင်းတန်ဖိုးရှိ ကန်တော့ပစ္စည်းများ ပူဇော်ကန်တော့ခဲ့ကြကြောင်း သိရသည်။

ကိုစည်သူ(မကွေး)