ရှမ်းရွာသစ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကာယ၊ ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရေး ပြိုင်ပွဲများကျင်းပပြုလုပ်

ရှမ်းရွာသစ်    အောက်တိုဘာ  ၁၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၌ ကျောင်းသား/သူလေးများ သီတင်းကျွတ်ကျောင်းပိတ်ရက် အားလပ်ချိန်တွင် ကာယ၊ ဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာကြည့်တိုက်သို့လာရောက်သည့် အလေ့အကျင့်ရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကာယ၊ ညာဏစွမ်းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသည်။

ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ စဉ်းစားတွေးခေါ်မှုအားကောင်းစေရန်၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုရရှိစေရန်၊ ပူးပေါင်းပါဝင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်ရှိစေရန်၊ ပြည်သူ့စာကြည့်တိုက်အား အများပြည်သူဝင်ထွက်သွားလာနိုင်သည့်နေရာ၊ ပညာဗဟုသုတရှာမှီးရာနေရာတစ်ခုအဖြစ် သိရှိစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားပြီးနောက် စကောရွက်ပြိုင်ပွဲ၊ ဘောလုံးဇွန်းကိုက်ပြိုင်ပွဲ စာအုပ်ရွက်ပြိုင်ပွဲနှင့် ဘောလုံးဖောက်ပြိုင်ပွဲများကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ရာ ကလေးငယ်များ စုစုပေါင်း(၁၅)ဦးတို့က စိတ်ပါဝင်စားစွာဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသူများကိုလည်း ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။     

ဇင်လေး(ပြန်/ဆက်)