ကရသူရိ အောက်တိုဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့တွင် သင်္ဘောသီး စားသုံးသူများလာသဖြင့် ရောင်းအားကောင်း၍ စိုက်ပျိုးထားသည့်ခြံပိုင်ရှင်များ မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
သင်္ဘောသီးသည် လူတို့၏ ကျန်းမာအသက်ရှည်ရေးအတွက် အဖိုးတန်သောအသီးဖြစ်ပြီး အာဟာရဓာတ်များစွာပါဝင်သည့် သဘာဝဆေးဖက်ဝင်အသီးဖြစ်၍ ဈေးကောင်းရရှိကာ စိုက်ပျိုးသူများလာခြင်းဖြစ်ကြောင်း သိရသည်။ သင်္ဘောပင်ကို နည်းစနစ်တကျစိုက်ပျိုးရာတွင် (၈ ပေ) သို့မဟုတ် (၁၂ ပေ) အကွာ စိုက်ပျိုးကြပြီး အိမ်ဘေးပတ်ဝန်းကျင်နှင့် ဥယျာဉ်ခြံမြေတို့တွင် အများဆုံးစိုက်ပျိုးကြကြောင်း သိရသည်။
သင်္ဘောသီးတစ်လုံးကို ယခင်က ၂၀၀ ကျပ်သာရရှိပြီး ယခု ၅၀၀ ကျပ်ရရှိကာ တစ်နေ့ပျမ်းမျှဝင်ငွေ (၉၀၀၀) အထက်ရရှိကြောင်း စိုက်ပျိုးသူခြံပိုင်ရှင်တစ်ဦးထံမှ သိရသည်။
အဆိုပါသင်္ဘောသီးကို ဒေသအခေါ်အဝေါ်(ရှိန်းခိုသီး)ဟုခေါ်ကြပြီး ခန္ဓာကိုယ်အားအင် ပြည့်ဖြိုးစေခြင်း၊ အသားအရေကျန်းမာစိုပြေစေခြင်း၊ ကင်ဆာရောဂါနှင့် အခြားကျန်းမာရေးဆိုင်ရာ အထောက်အကူပြုသည့်အတွက် ရောင်းအားကောင်း၍ ခြံပိုင်ရှင်များမိသားစု အပိုဝင်ငွေရရှိကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)