နတ်တလင်း အောက်တိုဘာ ၁၇
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူလေးများ အားလပ်သည့်အချိန်တွင် စာအုပ်စာစောင်များ လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ၊ အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေးခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီချိန်က အ.လ.က ပွတ်စုကျောင်း၌ ပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်လဲ့ဝါမြင့်က ကျောင်းသား၊ ကျောင်းသူများအား စာဖတ်စေခြင်းရည်ရွယ်ချက်များ၊ စာဖတ်ခြင်းကြောင့်ရရှိနိုင်သောအကျိုးကျေးဇူးများ၊ စာကြည့်တိုက်ကိုအသုံးချတတ်လာပြီး စာဖတ်သည့်အလေ့အထကောင်းများ ရရှိလာနိုင်ခြင်းတို့ကိုပြောကြားပြီး ဒုတိယဦးစီးမှူးဒေါ်ထားထားဦးမှ ကျောင်းသား၊ ကျောင်းသူလေးများကို ကိုယ်လက်လေ့ကျင့်ခန်းများပြုလုပ်စေခြင်းနှင့် ရုပ်ပုံပါစာအုပ်ဖြင့် ပုံပြင်ပြောခြင်းများဖြင့် အသိပညာပေးပြောကြားသည်။
စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းတွင် ကျောင်းသား၊ ကျောင်းသူလေးများအား အသိပညာဗဟုသုတရရှိစေမည့် စာအုပ်၊ စာစောင်များကိုဖတ်ရှု့စေခြင်းအပြင် စာအုပ်များအား ရက်သတ္တပတ်နှစ်ပတ်ကြာငှားရမ်းပေးခဲ့ပြီး မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာသိကောင်းစရာများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များပြသခြင်းတို့ ဆောင်ရွက်ခဲ့သည်။
နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပညာရေးဌာနနှင့်ပူးပေါင်း၍ အခြေခံပညာကျောင်းများသို့ လစဉ်စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခြင်းကို စဉ်ဆက်မပြတ်ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)