စလင်း အောက်တိုဘာ ၁၇
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ညောင်အင်းကျေးရွာအုပ်စု မြောင်းဘောင်ကျေးရွာမှ တောင်သူများအနေဖြင့် ဆန်စပါးနှင့်ဆီထွက်သီးနှံများအပြင် နေ့စဥ်ဝင်ငွေရရှိမည့် ဟင်းသီးဟင်းရွက်များနှင့်သီးပင်စားပင်များ စိုက်ပျိုးလျက်ရှိရာ တောင်သူဦးမြင့်စိုးစိုက်ပျိုးထားရှိသော ပန်းမုံလာခင်းမှာ အောင်မြင်ဖြစ်ထွန်းပြီး စျေးကွက်အတွင်း စျေးကောင်းရရှိရန်မျှော်လင့်ကြောင်း သိရသည်။
ပန်းမုံလာခင်းစိုက်ပျိုးပါက အပင်အသေအပျောက်မှုမရှိစေရန်အတွက် ပျိုးထောင်ပြီး သန်မာသည့်ပျိုးပင်များကို ရွေးချယ်စိုက်ပျိုးကြကြောင်း၊ ပျိုးထောင်ပြီးစတင်စိုက်ပျိုးရက် ဝါခေါင်လဆုတ် ၁၂ ရက်၊ ၁၃ရက်တွင် စတင်စိုက်ပျိုးခဲ့ပြီး အာမိုဓာတ်မြေသြဇာကိုအသုံးပြု၍ ပိုးသတ်ဆေးကတော့ ပိုးမွှားနှင့်ရာသီဥတုကိုကြည့်၍ ဖြန်းပက်ရကြောင်း၊ ရာသီဥတုနှင့်ပိုးမွှားအန္တရာယ်ကျရောက်ပါက ပျက်စီးလွယ်သည့် သီးနှံတစ်မျိုးဖြစ်သဖြင့် အထူးဂရုစိုက်ရကြောင်း သိရသည်။
ပန်းမုံလာတစ်ဧကလျှင် အပင်အရေအတွက် တစ်သောင်းနှစ်ထောင်ခန့်ဝင်ဆန့်ပြီး မိသားစုတစ်နိုင်တစ်ပိုင်စိုက်ပျိုးထားရှိနိုင်ခြင်း ရောင်းချရာတွင်လည်းလွယ်ကူကြောင်း အပင်များပြုစုမှုကောင်းပါက အကျိုးအမြတ်များသည့် သီးနှံတစ်မျိုးဖြစ်ပြီး နတ်တော်လဆိုလျင် ခုတ်ရောင်းချနိုင်ပြီး ပြီးခဲ့တဲ့နှစ်ကဆိုလျင် အစောပိုင်းတွင် ၇၀၀ ကျပ် မှ ၈၀၀ ကျပ် အထိရောင်းချခဲ့ရကာ နောက်ပိုင်းရက်များတွင် စျေးနှုန်းကျဆင်းခဲ့၍ အမြတ်နည်းခဲ့ကြောင်း တောင်သူများအနေဖြင့် စိုက်ပျိုးမည်ဆိုပါက စိုက်ပျိုးသင့်ကြောင်း၊ ပန်းမုံလာများလှိုင်လှိုင်ပွင့်ချိန် စျေးကောင်းရရှိရန်မျှော်လင့်ကြောင်း၊ ပန်းမုံလာစိုက်တောင်သူ ညောင်အင်းကျေးရွာအုပ်စု မြောင်းဘောင်ကျေးရွာ ဦးမြင့်စိုးထံမှ သိရသည်။
မောင်လွင်(စလင်း)