ဆွမ်ပရာဘွမ်မြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများရွေးကောက်ပွဲဆိုင်ရာစွမ်းရည်မြှင့် ဆင့်ပွားသင်တန်းဖွင့်လှစ်

ဆွမ်ပရာဘွမ် စက်တင်ဘာ ၁၇

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်းကို ယနေ့ နံနက် ၉ နာရီတွင် ဘန်ရူ ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကော်မရှင်ဥက္ကဋ္ဌ ဦးဒိန်ခန်ယုံခ က ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ သင်တန်းတွင် မြို့နယ်ဆရာဝန်ကြီး ဦးအောင်နိုင်ဦးက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ် ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ မဲဆွယ်စည်းရုံးခွင့်ကျင့်ဝတ်များ၊ ကော်မရှင်အဖွဲ့ခွဲတာဝန်နှင့်လုပ်ပိုင်ခွင့်၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ ဖြေရှင်းခြင်း၊ ရွေးကောက်ပွဲဆိုင်ရာပြစ်မှုနှင့်ပြစ်ဒဏ်၊ မဲစာရင်းစိစစ်ခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆိုင်ရာ၊ မီဒီယာနှင့် ဆက်သွယ်ပြန်ကြားခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊နည်းဥပဒေ၊ ကြိုတင်ဆန္ဒမဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့်ရလဒ်များ ထုတ်ပြန် ကြေညာခြင်း၊ အပြန်အလှန် ဆွေးနွေးခြင်းနှင့် သရုပ်ပြ အစီအစဉ်စသည့် သင်ခန်းစာများကို ယနေ့ ညနေ ၄ နာရီထိ သင်ကြား ပို့ချသွားမည် ဖြစ်ကြောင်းသိရသည်။

အဆိုပါ သင်တန်းတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ သင်တန်းနည်းပြ (၈)ဦးက သင်ကြားပို့ချ ပေးမည်ဖြစ်ကြောင်းနှင့်အဆိုပါ သင်တန်းသို့မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉)အုပ်စုမှ သင်တန်းသား/သင်တန်းသူ  (၃၀)ဦးခန့်တက်ရောက် ကြောင်းသိရသည်။

ကုဋေ(ပြန်/ဆက်)