စလင်းမြို့နယ်တွင် ပညာရေးဌာနနှင့်မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ ရှေးဦးပြုစုခြင်းအတတ်ပညာ သင်တန်းဖွင့်လှစ်

စလင်း  အောက်တိုဘာ  ၁၇

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ အ.ထ.က တပ်တွင်း အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်းတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က ပညာရေးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ပူးပေါင်း ဖွင့်လှစ်သည့် အခြေခံရှေးဦးပြုစုခြင်းသင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ် အ.ထ.က တပ်တွင်း အခြေခံပညာအထက်တန်းကျောင်းတွင် ရှေးဦးပြုစုခြင်းသင်တန်းကို ပညာရေးဌာနနှင့် စလင်းမြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်ခြင်း အခမ်းအနားတွင် စလင်းမြို့နယ် ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးမင်းအောင်မှ ကြက်ခြေနီသင်တန်းအား စလင်းမြို့နယ်ပညာရေးဌာနနှင့် ပူးပေါင်း၍ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူကလေးများအား ကျောင်းပိတ်ရက်တွင် လူမှုရေးလုပ်ငန်းများနှင့် အကျိုးရှိစွာအသုံးပြုနိုင်ရေး၊ ကျောင်းသားလူငယ်များ မိမိကိုယ်မိမိယုံကြည်စိတ်ချစွာ ဆုံးဖြတ်၍ လူမှုရေးနှင့်ပရဟိတလုပ်ငန်းများ ကျောင်းကြက်ခြေနီ ရှေးဦးပြုစုခြင်းသင်တန်းကို ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို အကျယ်တစ်ဝန်းရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဆရာဦးသူရမြင့်ဝေမှ ကြက်ခြေနီသင်တန်း တက်ရောက်သင်ကြားချိန်တွင် စည်းကမ်းတကျရှိစေရေးအတွက် သင်တန်းသားသင်တန်းသူ ကျောင်းသားမောင်မယ်များအား ရှင်းလင်းပြောကြားခဲ့သည်။

စလင်းမြို့နယ် ပညာရေးဌာနနှင့်မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံရှေးဦးပြုစုခြင်းသင်တန်းတွင် ကျောင်းသား ၄၀ ဦး၊ ကျောင်းသူ ၃၆ ဦး၊ စုစုပေါင်း ၇၆ ဦး တက်ရောက်ကြပြီး ရှေးဦးပြုစုခြင်းသင်တန်းအား နံနက် ၈ နာရီမှ ၁၂ နာရီ၊ နေ့လယ် ၁ နာရီမှ ၄ နာရီအထိ ရှေးဦးပြုစုခြင်းသင်တန်းကို စာတွေ့လက်တွေ့သင်ကြား ပို့ချမည်ဖြစ်ရာ အောက်တိုဘာ ၁၆ ရက်နေ့မှ အောက်တိုဘာ ၁၈ ရက်နေ့အထိ သုံးရက်ကြာသင်ကြားပို့ချသွားမည် ဖြစ်ကြောင်း စလင်းမြို့နယ်ကြက်‌ခြေနီအသင်းဥက္ကဋ္ဌ ဦးမင်းအောင်ထံမှ သိရသည်။

မြို့နယ်ပြန်/ဆက်