သာပေါင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ "ဆည်းဆာရသစာတမ်းများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

သာပေါင်း အောက်တိုဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် အောက်တိုဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က စာအုပ်၊ စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာ ဇာတ်ညွှန်းအကယ်ဒမီ ကိုကိုလေးရေးသားသည့် "ဆည်းဆာရသစာတမ်းများ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြသည်။

စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်းက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် စာအုပ်၏ အမှာစာများကို ဦးစွာရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ (Book Club)အဖွဲ့ဝင် ဦးကြည်က စာရေးဆရာ ဇာတ်ညွှန်းအကယ်ဒမီ ကိုကိုလေး ရေးသားသည့် "ဆည်းဆာရသစာတမ်းများ" စာအုပ်ပါ “တင်ပေးဖူးသည့် ကျေးဇူး” တင်ပေဖူးသည့်ကျေးဇူး အကူအညီတို့ ကျေးဇူးတရားတို့ဆိုသည်မှာ လောကတံတွာ ဤလူ့ရွာတွင် တင်ပေဖူးသည့် ကျေးဇူးရှိလျက် အဆပ်ခက်ဆိုသည့် စကားအတိုင်းပင်တည်း။ သည်ကိစ္စကို ကျွန်တော်တို့ အရပ်ထဲမှာ နေ့စဉ်နှင့်အမျှ ကြုံတွေ့နေကြရသည်။ ကိုယ်ကအကူအညီလိုလျှင် သူတစ်ပါးထံမှ အကူအညီကို တောင်းရတတ်သည်။ သို့သော် ထိုသူအကူအညီလိုသောအခါတွင် ကိုယ်က ပြန်ကူညီဖို့ကျတော့ ခက်နေတတ်ကြပြန်သည်။ ကျွန်တော့်ဖခင်ကြီးရှိစဉ်က သူ၏ ဆုတောင်း စာတန်းကလေးတစ်ခုကိုရေးပြီး ဘုရားကျောင်းမှာ ကျကျနနကပ်ထားခဲ့သည်ကို ကျွန်တော် မှတ်မှတ်ထင်ထင် ရှိခဲ့သည်။ ထိုစာတန်းကလေးမှာ "သူတစ်ထူး၏ ကူညီမစမှုကို ခံယူ၍ ရပ်တည်ရသောဘဝမှ ကင်းလွတ်၍ ကိုယ်ကသာ အကူအညီပေးနိုင်သော ဘဝမျိုးမှာ ဖြစ်ရပါလို၏"ဟူ၍ဖြစ်သည်။

အလွန်ကောင်းသော ခံယူချက်နှင့် ဆုတောင်းပင်ဖြစ်သည်။ ကျွန်တော်ထိုစာတန်းကလေးကို မြင်တိုင်း၊ သတိရတိုင်း ရင်ထဲမှာ ကြည်နူးချမ်းမြေ့မှုများကို ခံစားရသည်။ လက်တွေ့ ကျင့်သုံးနိုင်အောင်လည်း ကြိုးစားမိသည်။

ကူညီခြင်း၏ အခြေခံစိတ်ဓာတ်မှာ မေတ္တာဖြစ်သည်။ လောကကို ထိန်းသိမ်းစောင့်ရှောက်သော မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသော ဗြဟ္မစိုရ်တရား လေးပါးတွင် မေတ္တာသည် ထိပ်ဆုံးမှလာသော တရားဖြစ်သည်။ မေတ္တာသည် ကိုယ်က သူတစ်ပါးကို ကောင်းကျိုးပြုမှုကိုသာ အခြေခံသည်။ သူတစ်ပါးထံမှ ဘာပြန်ရကောင်းစေဟူ၍ စိုးစဉ်းငယ်မျှမရှိသည်မှာ မေတ္တာပင်ဖြစ်သည်။ ထိုမေတ္တာစိတ်ကြောင့်ပင် ပရဟိတလုပ်ငန်းများ ပေါ်လာကြသည်။

"ကူညီပါရစေ" ဟူသော စာတန်းကလေးများကို ရဲစခန်းရှေ့တွင် ကပ်ထားသည်ကို တွေ့မြင်ဖူးသည်။ ကျွန်တော် ယခုတင်ပြနေသော ကူညီခြင်းနှင့်ကျေးဇူးတရားများ အကြောင်းသည် ရဲနှင့်မဆိုင်ပါ။ ဘာအမှုအခင်းနှင့်မှလည်း မပတ်သက်ပါ။ ကျွန်တော် အပေါင်းလက္ခဏာ ရုပ်ရှင်ကုမ္ပဏီတွင် အလုပ်လုပ်ဖူးသည်။ သည်ကုမ္ပဏီက မြန်မာ့ရုပ်ရှင်တွင် ဂန္ထဝင်ဇာတ်ကားကြီးဖြစ်လာသည့် "မှုံရွှေရည်" ဇာတ်ကားကို မင်းသားကြီး ကိုဝင်းဦးနှင့် ရိုက်သည်။

တစ်နေ့တွင် အရေးကြီးသော အလုပ်ကိစ္စတစ်ခုဖြင့် ကုမ္ပဏီက ကိုဝင်းဦးထံသွားတွေ့ဖို့ ကျွန်တော့်ကို လွှတ်သည်။ ကြိုတင်ဖုန်းနှင့် ချိန်းပြီးမှသွားသည်။ ၁၂ နာရီ အရောက်လာခဲ့ပါဟု မှာသဖြင့် ကုမ္ပဏီမှ ကျွန်တော်အစောကြီး အငှားသုံးဘီးကားလေးနှင့် ထွက်ခဲ့သည်။ အင်းလျားလမ်းထိပ်အရောက်တွင် ကားအက်စီးဒင့်တစ်ခုနှင့် တိုးသည်။ အဘိုးကြီး တစ်ဦးကိုကားတိုက်ပြီး မောင်းထွက်ပြေးသွားခြင်း ဖြစ်သည်။ ကျွန်တော် ကားရပ်ပြီးဆင်းကြည့်တော့ သွေးအိုင်ထဲလဲနေသည်။ အနားတွင် ကူမည့်သူမရှိ။ ကယ်မည့်သူလည်း မရှိ။ ကျွန်တော် သူ့ကိုကူညီနေလျှင် ကိုဝင်းဦးထံအချိန်မီ မရောက်နိုင်။ ကျွန်တော် မလာတော့ဘူးထင်၍ သူအပြင်ထွက်သွားလျှင်ဒုက္ခ။ ကုမ္ပဏီက ခိုင်းလိုက်သည့် ကိစ္စက အရေးကြီးသည်။ ထိုကိစ္စပျက်သွားလျှင် ကုမ္ပဏီက ကျွန်တော့်ကို အရေးယူလိမ့်မည်။ ကျွန်တော် မကူညီနိုင်တော့။ လှည့်ထွက်လိုက်သည်။ အဘိုးကြီးက လဲနေရာမှ ကျွန်တော့်ကို ကူညီပါ၊ ကယ်ပါဟူသော မျက်နှာထားနှင့် လှမ်းကြည့်နေသည်။ အဘိုးကြီးက ကျွန်တော့် ဖခင်ကြီးနှင့် အသက်တူ၊ အရွယ်တူလောက်ရှိမည်။ အခုကားတိုက်မိတာ ကျွန်တော့် အဖေသာဆိုလျှင် ဘယ်လိုနေမလဲဟု ရုတ်တရက်တွေးမိလိုက်သဖြင့် ရင်ထဲမှာ အပူလှိုင်းတစ်ခု ဖြတ်သွားသည်။

ကျွန်တော် ဘာလုပ်ရမည်နည်း၊ ဥပေက္ခာပြုကာ ထားခဲ့ရမည်လား၊ မေတ္တာရှေးရှုကာ ကူညီရမည်လား။ စိတ်နှစ်ခွဖြစ်ကာ ဒွန်တွဲရင်း လွန်ဆွဲနေလေတော့သည်။

အဘိုးကြီးကို ကျွန်တော်စီးလာသော သုံးဘီးကားပေါ်တင်ကာ ရန်ကုန်ဆေးရုံကြီးသို့ အမြန်မောင်းလာခဲ့ရသည်။ ကားပေါ်မှာ ပွေ့ထားရင်းရသမျှ ဘုရားစာတွေ အကုန်ရွတ်ရသည်။ အဘိုးကြီး၏ အိုမင်းယိုယွင်းနေသောခန္ဓာမှာ ကားနှင့်တိုက်မိသည့် ဒဏ်ရာကြောင့် အတော်ကြီး နာနေပုံရသည်။ ကျွန်တော် အလွန်သနားမိသည်။ ပြန်ကောင်းလာပါစေဟု တဖွဖွ ဆုတောင်းနေမိသည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ကူညီလိုက်နိုင်သဖြင့် ကျေနပ်ပြီး စိတ်ချမ်းသာရသည်။ ကျွန်တော်သာ မကူညီဘဲ ပစ်ထားခဲ့လျှင် နောင်အခါ ဤကိစ္စကို သတိရတိုင်း စိတ်မချမ်းမသာ ဖြစ်ရတော့မည်။ ငါမကူညီခဲ့မိလေခြင်းဟုလည်း နောင်တရနေမည်သာဖြစ်သည်။ ဆရာဝန်များလက်သို့ အဘိုးကြီးကိုအပ်ပြီး အမြန်ပြန်လာခဲ့သည်။

ကိုဝင်းဦးက ကျွန်တော့်အင်္ကျီက သွေးတွေကိုမြင်တော့ လန့်သွားကာ အရိုက်ခံရတာလား၊ ရန်ဖြစ်တာလားဟု မေးသည်။ အဖြစ်မှန်ကို ရှင်းပြတော့ ကျွန်တော်ကူညီခဲ့ပုံကို သူကျေနပ်သွားပြီး ချက်ချင်းပင် အဖိုးတန်စပို့ရှပ်လှလှလေးတစ်ထည် ထုတ်ပေးကာ အင်္ကျီလဲစေသည်။ ကျွန်တော့်ကူညီမှုအတွက် ဂုဏ်ပြုတာဟု သူကပြောသဖြင့် ဝမ်းသာရသည်။ ထို့နောက် ကိုဝင်းဦးက သဘောတရားတစ်ခုကို ရှင်းပြသည်။ သူတစ်ပါးကို ကိစ္စတစ်ခုခုကူညီလိုက်ပြီးလျှင် ထိုကူညီခံရသူကို ပြောဖို့စကားဖြစ်သည်။ "ယခုကျွန်တော်က ခင်ဗျားကိုကူညီသလို ခင်ဗျားကလည်း နောက်ထပ်တစ်ယောက်ယောက်ကို တစ်ခုခုထပ်ပြီး ကူညီဖြစ်အောင်ကူညီပါ" ဟု ပြောဖို့ဖြစ်သည်။ ကူညီခြင်းအလုပ်ကို ထပ်ထပ်ပြီး ပွားစေခြင်းပင် ဖြစ်သည်။ သူကထပ်ပြောသေးသည်။ အဲဒီဒုတိယလူက နောက်ထပ် တတိယတစ်ယောက်ကို ထပ်ဆင့်ကူညီဖို့မှာပေးပါဟု ဆိုသည်။ အလွန်တန်ဖိုးရှိသော အကျင့်ကောင်းလေးဖြစ်သည်။ သမ္မပ္ပဓာန်လေးပါး၏ သဘောတရားပင် ဖြစ်သည်။ သမ္မပ္ပဓာန်လေးပါး၏ ဆိုလိုရင်းမှာ ပြုဖူးသော ကုသိုလ်ကို ထပ်ထပ်ပွားများပါ။ မပြုဖူးသေးသော ကုသိုလ်များကို ပြုဖြစ်အောင် လုံ့လစိုက်ပါ။ ပြုခဲ့မိဖူးသော အကုသိုလ်ကို ထပ်မပွားများပါနှင့်။ မပြုရသေးသော အကုသိုလ်ကို မပြုမိအောင် လုံ့လပြုပါဟု ဆိုလိုခြင်းဖြစ်သည်။ ကိုဝင်းဦးပြောသည့် သဘောတရားမှာ ပြုဖူးသော ကုသိုလ်ကို ထပ်၍ပွားခြင်းပင် ဖြစ်သည်။ ကျွန်တော်တို့ငယ်ငယ်က ကင်းထောက်လူငယ်အဖွဲ့ဝင် တော့အင်းလျားကန်စခန်းမှာ သင်တန်းတက်ကြရသည်။ ကင်းထောက်လူငယ်တို့၏ တာဝန်မှာ ကူညီဖို့အစဉ်အသင့် ရှိနေရန်ပင်ဖြစ်သည်။ ကင်းထောက်ဆရာကြီးများ၏ ပို့ချချက်မှာ ကူညီရန်အစဉ်အသင့် ရှိနေရုံမျှနှင့်မရ။ ကူညီစရာတွေ့သည့်အခါမှာ ကူညီလိုက်မည်ဆိုရုံနှင့် မလုံလောက်။ မျက်စိကိုဖွင့်၊ နားကိုစွင့်၍ အာရုံကိုလွှင့်ထားပြီး ကူညီစရာကို အမြဲတမ်း ရှာဖွေနေကြရမည်ဟု သင်ကြားပို့ချကြသည်။ အလွန်ကောင်းသော ကူညီခြင်း သဘောတရားပင် ဖြစ်သည်။

ကျေးဇူးဆိုသည့် စကားနှင့်ပတ်သက်၍ လူအများ အယူအဆမှားနေကြသည့် ကိစ္စတစ်ခုမှာ အနန္တော အနန္တငါးပါးဝင် မာတာမိခင်၏ ကျေးဇူးတော် အနန္တကို တင်စားဖော်ကျူးသော စကားဖြစ်သည်။ မိခင်ကျေးဇူးဘယ်မျှကြီးသနည်းဟူမူ ရှင်တော်မြတ်ဘုရားသည်ပင်လျှင် မိခင်၏နို့တစ်လုံးဖိုးသာ ကျေသည်ဟူသော ဆိုရိုးစကား ဖြစ်သည်။ ဤစကားကို မည်သည့်ပညာရှိ ပုဂ္ဂိုလ်က စတင်တီထွင် ပြောကြားခဲ့သည်မသိ။ ကျွန်တော်တို့လည်း ငယ်ငယ်က ဤသို့ပင် ကြားနာမှတ်သားခဲ့ရသည်။ ခေတ်အဆက်ဆက် တက်တက်စင်အောင်ပင် လွဲမှားစွာ မှတ်ယူလာခဲ့ကြသည်။

မယ်တော်မာယာသည် သိဒ္ဓတ္ထကို တစ်ဘဝစာ ကျေးဇူးတွေပြုခဲ့ခြင်း ဖြစ်သည်။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် မယ်တော်မိနတ်သားကို ကျေးဇူးဆပ်ရန် တာဝတိံသာနတ်ပြည်သို့တက်ပြီး အဘိဓမ္မာတရားကို ဟောကြားတော်မူခဲ့သည်။ မြတ်စွာဘုရားသည် တစ်ဘဝစာသာမက တစ်သံသရာလုံးနှင့် တစ်လောကလုံးအတွက် အဘိဓမ္မာတရားတော်နှင့် ကျေးဇူးတော် အနန္တပေးဆပ်ခဲ့ခြင်းဖြစ်သည်။ ဤနို့တစ်လုံးဖိုး ကျေးဇူးတရားရှင်းတမ်းကို ကျွန်တော်တို့အား သေသေချာချာ သင်ပေးခဲ့သော ဘဘဦးသုခ၏ ကျေးဇူးတရားများကို ရိုသေစွာရှိခိုးကန်တော့ရင်း ဤစာကို နိဂုံးချုပ်ပါသည် စသည်ဖြင့် ဦးဆောင်ဖတ်ကြားဆွေးနွေးရာ အဖွဲ့ဝင်များက အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ဝိုင်းများ၊ အသိပညာပေး ဆွေးနွေးပွဲများကို ဆောင်ရွက်ပေးခြင်းသည် စာဖတ်ပရိသတ် လူငယ်၊ လူရွယ်များ၊ ပြည်သူများ စာဖတ်သည့် အလေ့အကျင့် အားကောင်းလာစေရန်၊ စာပေမှရရှိသည့် အသိပညာဖြင့် တစ်ပါးသူအား မျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက် တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

မျိုးဇော်သိန်း(ပြန်/ဆက်)