မကွေးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအား ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် သင်တန်းဖွင့်လှစ်

မကွေး  စက်တင်ဘာ      ၁၇

မကွေးမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများ ယုံကြည်မှု၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းကျစေမှု စသည့်စံ(၅)ချက်နှင့်အညီ ကျင်းပနိုင်ရေး ရည်ရွယ်၍ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ များအား ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် ဆင့်ပွားသင်တန်းကို ယနေ့နံနက်(၉)နာရီအချိန်က မကွေးမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၅) အခြေခံပညာအလယ်တန်းကျောင်းများတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် နှင့် အညီ သင်ကြားပို့ချပေးလျက်ရှိကြောင်းသိရသည်။

ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် ဆင်ပွားသင်တန်းတွင် မဲစာရင်းပြုစုခြင်း၊ ပြည်သူလူထုနှင့် မဲဆန္ဒရှင် အသိပညာ ပေးခြင်း၊ နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ လိုက်နာရမည့်ကျင့်ဝတ်၊ မဲစာရင်းတွင် အမည် စာရင်းထည့်သွင်းပေးရန် တောင်းဆိုလွှာ၊ ပြင်ဆင်လွှာ၊ ကန့်ကွက်လွှာတို့နှင့် စပ်လျဉ်း၍ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ မဲစာရင်းနှင ့်စပ်လျဉ်း၍ တောင်းဆိုခြင်း၊ ကန့်ကွက်ခြင်းနှင့် ပြင်ဆင်ခြင်းလုပ်ငန်းစဉ်များ၊ မဲဆန္ဒနယ်အတွင်း ရှိမဲရုံးသို့ မလာရောက်နိုင်သူများအား ကြိုတင်မဲပေးခြင်းလုပ်ငန်းစဉ်များ၊ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် အဖွဲ့ဝင်များ၊ ဆောင်ရန်ရှောင် ရန်များ၊ ရွေးကောက်ပွဲနေ့၌ မဲရုံများကိုကြီးကြပ်ခြင်း၊ မဲရုံအတွင်းသို့ဝင်ရောက်ခြင်း၊ ဆန္ဒမဲရေတွက်ခြင်း၊ ရလဒ်များထုတ်ပြန် ကြောညာခြင်းစသည့် အကြောင်းအရာများကို သင်ကြားခဲ့ကြောင်းသိရှိရသည်။

အဆိုပါသင်တန်းကို (၁၇.၉.၂၀၂၀)ရက်နေ့မှ (၁၈.၉.၂၀၂၀)ရက်နေ့အထိ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဋ္ဌနှင့်အတွင်းရေးမှူး (၂၀၀)ဦးအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တွဲဖက် အတွင်းရေးမှူး ဦးစောလွင်နှင့် အဖွဲ့ဝင်များက သင်ကြားပို့ချပေး မည်ဖြစ်ကြောင်းသိရသည်။

 

ဘကြီးအောင်