မြောင်းမြ အောက်တိုဘာ ၁၆
မြောင်းမြခရိုင်နှင့်လပွတ္တာခရိုင်အတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူများအား ဥပဒေနှင့်အညီ စက်တင်ဘာလကုန်အထိ လစဉ်စိစစ်ပြုစုထားသည့် လူဦးရေစာရင်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနှင့် မြောင်းမြခရိုင်နှင့် လပွတ္တာခရိုင်အတွင်းရှိ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲများက ပူးပေါင်းစိစစ် ဆောင်ရွက်ထားမှုနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့နံနက် ၉ နာရီတွင် မြောင်းမြခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မြောင်းမြခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိက အခြေခံမဲဆန္ဒရှင်စာရင်းများ လစဉ်စိစစ်ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ မဲရုံတည်နေရာနှင့် မဲရုံအရေအတွက် (၇၉၇) ရုံ လျာထားသတ်မှတ်ထားကြောင်းနှင့် မဲရုံသုံးပစ္စည်း လိုအပ်ချက်တို့ကို တင်ပြဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး လပွတ္တာခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိက အခြေခံမဲဆန္ဒရှင်စာရင်းများ လစဉ်စိစစ်ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ မဲရုံတည်နေရာနှင့် မဲရုံအရေအတွက် (၅၈၆) ရုံ လျာထားသတ်မှတ်ထားကြောင်းနှင့် မဲရုံသုံးပစ္စည်း လိုအပ်ချက်တို့ကို တင်ပြဆွေးနွေးခဲ့ပါသည်။
ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနတို့က မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်ရေး ဆောင်ရွက်မှု လုပ်ငန်းအောင်မြင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရာတွင် တွေ့ရှိရသည့် လိုအပ်ချက်အခက်အခဲများအပေါ် ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး အကြံပြု ဆွေးနွေးကြသည်။ ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်းနှင့် ဦးအောင်လွင်ဦးတို့က ဖြည့်စွက်မှာကြားခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ ဦးသန်းထွန်း၊ အဖွဲ့ဝင် ဦးအောင်လွင်ဦး၊ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြောင်းမြခရိုင်နှင့် လပွတ္တာခရိုင်အတွင်းရှိ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြောင်းမြခရိုင်(ပြန်/ဆက်)