သာပေါင်း အောက်တိုဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ပျဉ်းထုံးကျေးရွာအုပ်စု၊ သူဌေးစမ်းကျေးရွာ အနီးရှိ မြတ်တောင်ညိုဘုရား နဂါးတက်နတ်လမ်း(အလျား ၇၅၀ ပေ၊ အနံ ၉ ပေ) တောင်ပတ်ကွန်ကရစ်လမ်း ဖွင့်ပွဲအခမ်းအနားကို သာသနာနှစ် ၂၅၆၆ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော်(၇)ရက် ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မြတ်တောင်ညိုဘုရား နဂါးတက်နတ်လမ်း တောင်ပတ်ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကို ဆရာတော်၊ သံဃာတော်များက ဘုရားအနေကဇာတင် ပူဇော်ချီးမြှင့်ကြပြီး နဂါးတက်နတ်လမ်း တောင်ပတ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် မတည်အလှူရှင်ဦးကျော်ဝင်း+ဒေါ်လင်းလင်းမြတ်သာ၊ သမီး မသင်းအိစံ၊ မဆုယဉ်ဝင်း (Golden Luggage Co.,ltd.)မိသားစုမှ မတည်၍(၇)ရက် သားသမီးအပေါင်းတို့က နိဗ္ဗာန်ရည်မှန်း စုပေါင်းထည့်ဝင်လှူဒါန်းအပ်သော မြတ်တောင်ညိုဘုရား နဂါးတက်နတ်လမ်း(အလျား ၇၅၀ ပေ၊အနံ ၉ ပေ)တောင်ပတ်ကွန်ကရစ်လမ်း ကမ္ဗည်းကျောက်စာတိုင်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဝင်း၊ အဖွဲ့ဝင်(၃)လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးဦးမြင့်မြတ်ဇော်၊ ဦးကျော်ဝင်း (Golden Luggage Co.,ltd.)တို့က နံ့သာရည် ပက်ဖျန်းကြကာ ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်၍ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူပြီး ရေစက်သွန်းချ အမျှပေးဝေကြ၍ ဗုဒ္ဓသာသနံ စိရံတိဌတု(၃)ကြိမ်ရွတ်ဆိုကာ အခမ်းအနားအောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း (သာပေါင်း)