စလင်း-ပွင့်ဖြူကားလမ်းတွင် သစ်ပင်လဲကျ၍ လမ်းပိတ်ဆို့နေမှုအား နယ်မြေမီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းခုတ်ထွင်ရှင်းလင်း

ပွင့်ဖြူ    အောက်တိုဘာ    ၁၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ မိုးရွာသွန်းမှုကြောင့် ယမန်နေ့ည ၇ နာရီခွဲအချိန်ခန့်က ရှောက်တော ကျေးရွာအနီး စလင်း-ပွင့်ဖြူ ကားလမ်းမပေါ်တွင် သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားနေကြောင်းသိရ၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့် ပူးပေါင်းပြီး ခရီးသွားပြည်သူများ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် အချိန်နဲ့တစ်ပြေးညီ သွားရောက်ပြီး ပြည်သူ့အကျိုးပြု ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကားလမ်းမပေါ် လဲကျသည့် ကင်ပွန်းခါးပင်သည် ပင်စည်လုံးပတ် ၅ ပေ ပတ်လည်ခန့်၊ အမြင့် ၅၀ ပေရှိပြီး မိုးရွာသွန်းမှုကြောင့် မြေသားခိုင်မာမှုမရှိသဖြင့် ပင်စည်ခြေရင်းမှလဲကျကာ စလင်း-ပွင့်ဖြူ ကားလမ်းမပေါ်သို့ လဲကျခဲ့သဖြင့် ခရီးသွားပြည်သူများနှင့် မော်တော်ယာဉ်များ အန္တရာယ်ကင်းစွာ ကူးလူးဖြတ်သန်းသွားလာနိုင်ရေးအတွက် ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်၏ ဦးဆောင်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ချက်ချင်းသွားရောက်ပြီး ဒေသခံပြည်သူများနှင့်အတူ  စုပေါင်းခုတ်ထွင် ရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ကင်ပွန်းခါးပင် လဲကျမှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)