ပခုက္ကူမြို့တွင် ကမ္ဘာ့လက်ဆေးရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

ပခုက္ကူ အောက်တိုဘာ ၁၆

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့လက်ဆေးရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့၊ သိမ်တော်ရပ်၌ ယမန်နေ့က နံနက် ၁၀ နာရီက အထိမ်းအမှတ်အခမ်းအနား ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားကို ပခုက္ကူမြို့နယ် အနာဂတ်အလင်းရောင် လူငယ်ဖွံ့ဖြိုးရေးအသင်း၏ ဦးဆောင်မှုဖြင့် ဒေသခံလူမှု ရေးအသင်းအဖွဲ့များပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ကမ္ဘာ့လက်ဆေးရေးနေ့ ဖြစ်ပေါ်လာပုံအကြောင်းနှင့် လက်ဆေးခြင်းကြောင့်ရရှိ လာမည့်အကျိုးကျေးဇူးများအကြောင်းတို့ကို ရှင်းလင်းဟောပြောခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ လက်ဆေး နည်းအဆင့်အဆင့် သရုပ်ဖော်ပြသခြင်း၊ ကျောင်းသား၊ကျောင်းသူကလေးငယ်များ ကိုယ်တိုင်လက်တွေ့ လက်ဆေးကြောစေခြင်း၊ မေးဖြေကဏ္ဍများနှင့် ဂိမ်းကစားခြင်းအစီအစဉ်များ တို့ကို  အသီးသီးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၊ ကမ္ဘာ့လက်ဆေးရေးနေ့ဆောင်ပုဒ်မှာ "အားလုံးလက်ဆေးသန့်ရှင်းရေး၊ စည်းလုံးညီညာဆောင်ရွက်ပေး" ဖြစ်ပြီး လက်သန့်ရှင်းရေး၏ အရေးပါမှုနှင့်ပတ်သက်၍ လူအများကြားတွင် အသိပညာများတိုးမြှင့်လာစေရန်နှင့်မူဝါဒအဆင့်မှသည် လူထုအားလုံးပါဝင် လုပ်ဆောင်ပြီး ရေရှည်တည်မြဲသော အမူအကျင့်များ ပြောင်းလဲဖြစ်ပေါ်လာစေရန် ရည်ရွယ်သတ်မှတ် ထားခြင်းဖြစ်ကြောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ့ပေါ်ရှိလူသားတိုင်း လက်သန့်ရှင်းမှုပန်းတိုင်ဆီသို့ ရောက်ရှိနိုင်ရေးအတွက် လက်သန့်ရှင်းရေးဆိုင်ရာ အမျိုးသားအဆင့်မူဝါဒများနှင့် လက်သန့်ရှင်းရေးဆိုင်ရာ သာတူညီမျှမှုအပါအဝင် လက်သန့်ရှင်းမှု အရေးကိစ္စအား ကမ္ဘာတစ်ဝန်းလုံး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)