ဖျာပုံ အောက်တိုဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ဦးဆောင်၍ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စျေးကော်မတီများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ပြည်သူများ ပလပ်စတစ်အိတ် သုံးစွဲခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်စေသောကြောင့် ပလပ်စတစ်အိတ်အစား အခြားအရာဝတ္ထုများဖြင့် အစားထိုး အသုံးပြုလာကြစေရန်အတွက် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ် မသုံးစွဲရ နေ့အဖြစ် သတ်မှတ်ထားရှိပြီး၊ ပလပ်စတစ်အစားထိုးသုံးစွဲရေး လိုက်လံစစ်ဆေးခြင်းကို ယနေ့ နံနက် (၈) နာရီမှစ၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ဆိပ်ကမ်းသာစျေးတွင် လိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် စျေးများအတွင်း စျေးရောင်းချနေသူများအနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ကျွတ်ကျွတ်အိတ် ပလပ်စတစ်အိတ်အစား၊ အစားထိုးအဖြစ် သတင်းစာစက္ကူ၊ ကြာရွက်၊ ငှက်ပျောရွက်တို့ဖြင့် သင့်တော်ရာ အစားထိုး ထုပ်ပိုးသုံးစွဲစေရေးအတွက် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး လိုက်လံအသိပေး နှိုးဆော်ခြင်းနှင့် လိုက်နာဆောင်ရွက်မှု ရှိစေရေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ခရိုင်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့များမှ မြို့နယ်အတွင်း ရောင်းချလျက်ရှိကြသော စည်ပင်သာယာပိုင် စျေးများတွင်၊ တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်၍ ပလပ်စတစ်အစားထိုး သုံးစွဲရေး လိုက်လံအသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း၊ ဖျာပုံမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)