ဘားအံ အောက်တိုဘာ ၁၆
ပညာရေးဝန်ကြီးဌာန၊ ဘားအံပညာရေးဒီဂရီကောလိပ်၏ လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာ သင်တန်း PPTT (၈/၂၀၂၂) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါဒီဂရီကောလိပ် သီရိခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်က စိတ်ဓာတ်နှင့် အကျင့်စာရိတ္ထ ကောင်းမွန်သော၊ တီထွင်ဖန်တီးနိုင်စွမ်းရှိသော၊ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်တတ်သော၊ သိက္ခာရှိပြီး ပညာရေး၊ လူမှုရေးလုပ်ငန်းများတွင် ရပ်ရွာဒေသနှင့် နိုင်ငံတော်က အားကိုးအားထားပြုရသော ဆရာကောင်း၊ ဆရာမွန်များ ဖြစ်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဘားအံပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ဆရာမကြီးက သင်တန်းဆိုင်ရာများအား ရှင်းလင်းပြောကြားပြီး ပြည်နယ်ဥပဒေချုပ်နှင့်တာဝန်ရှိသူများက ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ကြကာ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ချီးမြှင့်ငွေကျပ်(၃)သိန်းကို ပြည်နယ်ဥပဒေချုပ်က ကျောင်းအုပ်ဆရာမကြီးထံ ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် သင်တန်းဆင်း သင်တန်းသား၊သင်တန်းသူများက မြန်မာ့ရိုးရာယဉ်ကျေးမှု အကအလှများဖြင့် သီဆိုကပြဖျော်ဖြေဧည့်ခံခဲ့ကြပြီး ပြည်နယ်ဥပဒေချုပ်နှင့်တာဝန်ရှိသူများက သင်တန်းသား၊သင်တန်းသူများအား တွေ့ဆုံအားပေးစကားများ ပြောကြားခဲ့သည်။
လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း PPTT (၈/၂၀၂၂)တွင် သင်တန်းသား၊ သင်တန်းသူ ၁၉၅ ဦးသင်တန်းဆင်းကြမည်ဖြစ်ပြီး အောက်တိုဘာလ ၂၁ ရက်နေ့မှ ၂၉ ရက်နေ့ထိ စာမေးပွဲဖြေဆိုကြရမည်ဖြစ်ကာ နိုဝင်ဘာလ ၁၀ ရက်နေ့မှ ၂၃ ရက်နေ့ထိ ရက်ပေါင်း(၃၀)ကို သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ အခြေခံပညာကျောင်းများတွင် လက်တွေ့တန်းပြအနေဖြင့် သွားရောက်သင်ကြားပြီးမှသာ သင်တန်းပြီးမြောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)