မြန်အောင် နေခြည်စျေးအတွင်း အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်၍ အသိပညာပေးစစ်ဆေးခြင်းများ ဆောင်ရွက်

မြန်အောင်  အောက်တိုဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ပိုင် စျေးများတွင် ပလပ်စတစ်သုံးစွဲမှု လျော့ချရေးအတွက် အပတ်စဥ်တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က မြန်အောင် နေခြည်စျေးအတွင်း/အပြင် စျေးရောင်းစျေးဝယ်ပြည်သူများ ပလပ်စတစ်အိတ် မသုံးစွဲရေး အသိပညာပေး စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပလပ်စတစ်သုံးစွဲမှု လျော့ချရေးအတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ အသားငါးများနှင့် ဟင်းသီး၊ ဟင်းရွက်များစသည့် အသုံးဆောင်ပစ္စည်းများအား ပလပ်စတစ်အိတ်အစား အင်ဖက်၊ ငှက်ပျောရွက်၊ စက္ကူများ၊ စသည့် ပစ္စည်းများဖြင့် အစားထိုးသုံးစွဲ ရောင်းချနေမှုကို စျေးအတွင်းလိုက်လံကြည့်ရှု၍ ပလပ်စတစ်သုံးစွဲမှု လျော့ချရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ဝင်းဗိုလ် (မြန်အောင် ပြန်/ဆက် )