တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ၁၃၈၄ ခုနှစ်၊ ဒွါဒသမအကြိမ်(၁၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

ထားဝယ်     အောက်တိုဘာ ၁၆

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပမည့် ၁၃၈၄ ခုနှစ်၊ ဒွါဒသမ အကြိမ်(၁၂)ကြိမ်မြောက်စုပေါင်း မဟာဘုံကထိန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားသည် ယခင်နှစ်များက စည်ကားစွာကျင်းပနိုင်ခဲ့ပြီး လွန်ခဲ့သည့် ၃ နှစ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် အကျဉ်းမျှသာကျင်းပနိုင်ခဲ့ကြောင်း၊ ယခုအခါတွင် ဌာနဆိုင်ရာများစုပေါင်း၍ စုပေါင်းမဟာဘုံကထိန်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းလုပ်ကိုင်ဆောင်ရွက်နိုင်ရန် အစည်းအဝေးခေါ်ယူတွေ့ဆုံရခြင်းဖြစ်ကြောင်း၊  ဘာသာရေးအခမ်းအနားဖြစ်သောကြောင့် မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ စည်စည်ကားကားဖြစ်အောင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ သံဃာတော်များကြိုဆို ပင့်ဆောင်ရမည့်လုပ်ငန်း၊ ပဒေသာပင်များ လှည့်လည်ပူဇော်မည့်လုပ်ငန်း၊ သံဃာတော်များအား ဆွမ်းဆက်ကပ်ရေးနှင့် ဧည့်သည်များအား ကျွေးမွေးဧည့်ခံရေးလုပ်ငန်း၊ ပဒေသာပင်များအား မဲဖောက်ပေးရေးနှင့် ပို့ဆောင်ရမည့်လုပ်ငန်းများအား ဌာနဆိုင်ရာများအနေဖြင့် လုပ်ငန်းကော်မတီအလိုက် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။

ထိုနောက်လုပ်ငန်းကော်မတီဝင်များက အခမ်းအနားပြင်ဆင်ရေးလုပ်ငန်း၊ ဘဏ္ဍာငွေဆိုင်ရာနှင့် ပဒေသာပင်လှူဒါန်းရေးဆိုင်ရာလုပ်ငန်း၊ သံဃာ့တော်များပင့်ဆောင်ရေး၊ ပဒေသာပင်နှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများလက်ခံဆက်ကပ်ရေးလုပ်ငန်း၊ ပဒေသာပင်များနေရာချထားရေး၊ ထိန်းသိမ်းရေးနှင့်ပို့ဆောင်ရေး လုပ်ငန်း၊ ဖိတ်ကြားရေး၊ ပြန်ကြားရေး နှင့်သတင်းထုတ်ပြန်ရေး လုပ်ငန်း၊ ကျန်းမာရေးနှင့်လုံခြုံရေးလုပ်ငန်း၊ ပဒေသာပင်များလှည့်လည်ပူဇော်နိုင်ရေး စသည့်တို့ကို ရှင်းလင်းဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ်တွင် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)