ညောင်တုန်းမြို့၌ ပန်းလှိုင်မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ရာ နေအိမ်(၁)လုံး ပြိုကျ၊ နေအိမ် (၉)လုံးအား ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ပေးခဲ့ရ

ညောင်တုန်း           စက်တင်ဘာ           ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက် တိုးချဲ့နယ်မြေတွင် ပန်းလှိုင်မြစ်ရေတိုက်စားမှု ကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ရာ ယမန်နေ့ ညနေ ၅ နာရီခွဲခန့်က နေအိမ် (၁)လုံး ပြိုကျခဲ့ပြီး နေအိမ် (၉)လုံးအား ကြိုတင် ဖျက်သိမ်း ပြောင်းရွေ့ပေးခဲ့ရသည်။

ညောင်တုန်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက် တိုးချဲ့နယ်မြေတွင် ပန်းလှိုင်မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုမှာ ကမ်းခြေမှ အလျား (၈၀) ပေ၊ အနံ ( ၂၅ ) ပေခန့် ပြိုကျမှုဖြစ်ပွားခဲ့ပြီး ယင်းမြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ် (၁) လုံး မြစ်ကမ်းပါးပြိုကျမှုတွင် ပါဝင်သွားခဲ့ကာ နေအိမ် (၉) လုံးအား ကြိုတင် ဖျက်သိမ်းပြောင်းရွှေ့ပေးခဲ့ရပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

အဆိုပါ မြစ်ကမ်းပါးပြိုကျမှုကြောင့် ပြိုကျ နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စု လူဦးရေ (၁) ဦးနှင့် ကြိုတင်ပြောင်းရွှေ့ရသော နေအိမ် (၉) လုံး၊ အိမ်ထောင်စု ( ၉) စု၊ လူဦးရေ (၄၅) ဦးတို့အား ၎င်းတို့၏ဆွေမျိုး နေအိမ်များသို့ တာဝန်ရှိသူများက ခေတ္တပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်း သိရသည်။

ဝဠာနိုင် (ညောင်တုန်း)