စလင်း အောက်တိုဘာ ၁၆
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် အင်ကြင်းပင်လှကျေးရွာအုပ်စု ဂွင်ကျင်းကျေးရွာရှိ ဒေသခံတောင်သူဖြစ်သည့် တောင်သူဦးကျော်မြင့် စိုက်ပျိုးထားရှိသည့် ပဲစင်းငုံစိုက်ခင်း ၄ ဧက စိုက်ပျိုးထားရှိရာ တောင်သူအနေဖြင့် ကြဲပက်စိုက်ပျိုးခြင်း၊ အတန်းလိုက် စိုက်ပျိုးခြင်းများဖြင့် စိုက်ပျိုးထားသည့် ပဲစင်းငုံစိုက်ခင်း အောင်မြင်ဖြစ်ထွန်းကြောင်းကို တောင်သူဦးကျော်မြင့်ထံမှ သိရသည်။
စလင်းမြို့နယ်အတွင်းရှိ တောင်သူအများစုသည် နေရာဒေသအလိုက် ဆီထွက်သီးနှံများ ဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ တို့ကို ဒေသအတွင်းရှိ ကျေးရွာများအလိုက် စိုက်ပျိုးလျက်ရှိရာ အင်ကြင်းပင်လှကျေးရွာအုပ်စုအတွင်းရှိ ဂွင်းကျင်းကျေးရွာနှင့် အခြားနီးစပ်ရာကျေးရွာ စလင်းအနောက်ခြမ်းရှိ ကျေးလက်ဒေသများရှိ တောင်သူအများစု ပဲစင်းငုံအား စိုက်ပျိုး လုပ်ကိုင်ကြကြောင်း သိရှိရသည်။ ကျေးလက်တောင်သူများအနေဖြင့် သဘာဝမိုးရေကိုသာ အသုံးပြု၍ စိုက်ပျိုးကြသည့် တောင်သူအများစုသည် အခြားသီးနှံများ ရိတ်သိမ်းချိန်များတွင် မိုးရွာသွန်းမှုရှိပါက ပဲစင်းငုံပင်များအား မြေဆွပေးသကဲ့သို့ ထွန်ယက်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးရကြောင်း၊ သို့မှသာ အပင်များ ကောင်းလာပြီးအပင်များ မြင့်လာကာ အသီးအပွင့်များ ပိုမိုသီးပွင့်လာ၍ အစေ့များအောင်မြင်ဖြစ်ထွန်းကြောင်း သိရသည်။
ပဲစင်းငုံအပင်၏ သက်တမ်းသည် ပဲစင်းငုံမျိုးသက်တမ်းအနုအရင့်အလိုက် ခြောက်လနှင့် ခုနှစ်လကြား ကြာမြင့်ပြီး အဖူးအပွင့်တို့သည် တော်သလင်း၊ သီတင်းကျွတ်လ၌ အပွင့်ပွင့်လျက်ရှိရာ မိုးရွာသွန်းမှုများပြားပါက အသီးသီးနှုန်းလျော့သွားနိုင်ကြောင်း အပွင့်များပွင့်ချိန်တွင် မိုးရွာသွန်းမှုမရှိပါက အသီးသီးနှုန်း ပိုမိုများပြားလာပြီး အထွက်နှုန်း ကောင်းကြောင်းနှင့် ပဲစင်းငုံခုတ်သိမ်းချိန်တွင် ပဲစင်းငုံအပင်အကိုင်အခက်များအား ကျေးလက်တောရွာ ဓလေ့နွားများဖြင့် နင်းခြေခြင်း၊ ယခုအခါ လက်တွန်းထွန်စက်ရှိသော တောင်သူများက စက်များအသုံးပြုနင်းခြေ ကြသည်။ ပဲမှော်များအား နွားစာအဖြစ် အသုံးပြုရပြီး ပြီးခဲ့တဲ့နှစ်က ပဲစင်းငုံတင်း ၅၀ ရရှိပြီး တစ်တင်းလျှင် ၄၀၀၀၀ ကျပ် မှ ၄၃၀၀၀ ကျပ် စျေးနှုန်းဖြင့် ရောင်းချရကြောင်း၊ ယခုနှစ်တွင်လည်း ပဲစင်းငုံ စျေးကောင်းရရှိရန် မျှော်လင့်ကြောင်း၊ အင်ကြင်းပင်လှကျေးရွာအုပ်စု၊ ဂွင်ကျင်းကျေးရွာ တောင်သူဦးကျော်မြင့်ထံမှ သိရှိရသည်။
မောင်လွင်(စလင်း)