မင်းဘူး(စကု)မြို့နယ်ရှိ ငရုတ်စိုက်တောင်သူများ ငရုတ်သီးဈေး ကောင်းသလို အထွက်နှုန်းလည်း ကောင်းသောကြောင့် အဆင်ပြေ

မင်းဘူး  အောက်တိုဘာ  ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ငွေသောင် ကျေးရွာမှ ငရုတ်စိုက်တောင်သူများ ငရုတ်သီးစိမ်းဈေး ကောင်းသလို အထွက်နှုန်းလည်းကောင်း၍ အဆင်ပြေလျက် ရှိကြကြောင်း ငွေသောင် ကျေးရွာဒေသခံ တောင်သူများထံမှ သိရသည်။

ငရုတ်ပင်များကို ပျိုးပင်ပျိုး၍ စိုက်ပျိုးနည်းကတော့ ထယ်ရေးညက်ညက် ထွန်ထားတဲ့ မြေပေါ်မှာ ပျိုးပင်သက် ရက် ၃၀ မှ ၄၅ ရက်အတွင်း ပြောင်း၍စိုက်ပျိုးကာ စိုက်ပျိုးပြီး လေးငါးရက်ကြာလျှင် အပင်များ အမြစ်ဆင်းပြီဖြစ်၍ စိမ်းစိုလန်းဆန်းလာပြီး ၁၂ ရက်၊ ၁၃ ရက်ကြာတဲ့အခါ ရေသွင်းခြင်း၊ ပေါင်းမြက် ရှင်းလင်းခြင်းများ ပြုလုပ်ပေးနိုင်သည်။ ငရုတ်ပင်များ၊ မြေဆွခြင်းနှင့် မြေဩဇာကျွေးခြင်းများကိုတော့ ၁၅ ရက် တစ်ကြိမ်သာ ပြုလုပ်ပေးကြသည်။

ငရုတ်ပင်များကို မျိုးစေ့ချ စိုက်ပျိုးလျှင် သုံးလ၊ ပျိုးထောင်စိုက်ပျိုးလျှင် နှစ်လအကြာမှာ ပန်းများစပွင့်၍ ပန်းပွင့်ပြီး နှစ်ပတ်အကြာတွင် အသီးများစတင် ခူးဆွတ်နိုင်သည်။ ငရုတ်သီး အထွက်နှုန်းမှာ မြေအနေအထားနှင့် အပင်ကောင်းမှုအပေါ် မူတည်ကာ တစ်ဧကလျှင် ပိဿာချိန် ၅၀၀ မှ ၁၀၀၀ အကြားထွက်ရှိသည်။ ငရုတ်သီးစိမ်းမှာ ပင်နံငရုတ်နှင့် ငရုတ်ပွအတောင့်ရှည်မျိုးများသာ အသုံးများကြပြီး လက်ကားဈေး ပင်နံ တစ်ပိဿာ ကျပ် ၃၅၀၀၀၊ ငရုတ်ပွ အတောင့်ရှည် တစ်ပိဿာ ကျပ် ၁၈၀၀ ဈေးရရှိကာ အထွက်နှုန်းကောင်းသလို ငရုတ်သီးဈေးလည်း ကောင်းသောကြောင့် အဆင်ပြေလျက် ရှိကြကြောင်း မင်းဘူး(စကု)မြို့နယ် ငွေသောင်ကျေးရွာ ငရုတ်စိုက်တောင်သူ ကိုကျော်ကြီးက ပြောသည်။

ဇေယျာထက်(မင်းဘူး)