နတ်မောက်မြို့ဝန်းကျင်ရှိ အညာဒေသများတွင် တစ်နိုင်တစ်ပိုင် ဘူးသီးစိုက်ပျိုးခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိ

နတ်မောက်  အောက်တိုဘာ ၁၆

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ အညာဒေသများတွင် ကျေးလက်နေပြည်သူများက စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိစေရန် ဘူးစိုက်ပျိုးရေးလုပ်ငန်းအား တစ်နိုင်တစ်ပိုင် စိုက်ပျိုးလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ်ပုံမှန်ဝင်ငွေရရှိလျက်ရှိကြောင်း ဘူးစိုက်ပျိုးသူတစ်ဦးထံမှသိရသည်။

“ကျွန်မတို့ရွာမှာရှိတဲ့ စိုက်ပျိုးရေးတောင်သူတွေဟာ (နွေ၊မိုး၊ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးလုပ်ကိုင်ကြပါတယ်၊ စိုက်ပျိုးရေးလုပ်ငန်းကို တစ်နိုင်တစ်ပိုင် ဥယျာဉ်ခြံမြေများပြုလုပ်ပြီး ငှက်ပျော၊ သင်္ဘော၊ သရက်၊ ပဲရှည်သီး၊ တိုင်ထောင်ပဲ၊ ငရုတ်၊ ခရမ်းချဉ်၊ ချဉ်ပေါင်၊ ကန်စွန်း၊ ကြက်ဟင်းခါး၊ ရွှေဖရုံ၊ မြန်မာနံနံ၊ ဘူးများစိုက်ပျိုးကြပါတယ်၊ ဘူးစိုက်ပျိုးမယ်ဆိုရင်  လေးပေအကွာ နှစ်တောင်ပတ်လည်ကျင်းဖွဲ့ပြီး ကျင်းထဲကို ဘူးစေ့များထည့်စိုက်ရပါတယ်၊ တစ်လအရွယ်ရှိရင် ဘူးများ အဖူးအပွင့်များထွက်ရှိလာပြီး သုံးလရှိရင်တော့ ဘူးသီးများ စတင်ခူးဆွတ်ရောင်းချရပါတယ်။ ထွက်ရှိလာတဲ့ဘူးသီးများကို  မိမိရွာအလှူ၊ ကထိန်များမှာ ရောင်းချရပြီး နတ်မောက်မြို့မစျေးသို့လည်း  တင်ပို့ရောင်းချပါတယ်။ ယခုလက်ရှိ ဘူးသီးတစ်လုံးကို အသေးအကြီးပေါ်မူတည်၍ (၅၀၀)ကျပ်နှင့် ၈၀၀)ကျပ်အထိ ရောင်းချရပါတယ်၊ တစ်နေ့ပျမ်းပျှရောင်းရေငွေ (၁၁၀၀၀)ကျော်ရရှိပါတယ်”ဟု ဘူးစိုက်ပျိုးရောင်းချသူ တစ်ဦးထံမှ သိရသည်။

နတ်မောက်မြို့နယ် အနီးပတ်ဝန်းကျင်ရှိ အင်းကုန်း၊ ကြူအိုင်၊ န-လက်ခုပ်ပင်၊ တွင်းကြီး၊ ဖလန်ပင် စသည့်ကျေးရွာများမှ စိုက်ပျိုးရေးတောင်သူများသည် တစ်နှစ်ပတ်လုံး တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

လှဝင်း