ပွင့်ဖြူ အောက်တိုဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ပွင့်ဖြူမြို့နယ်မုန်တောကြီးကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ၄၆ ရာခိုင်နှုန်းခန့် ဖောက်လုပ်ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။
အဆိုပါ မုန်တောကြီးကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးမှု အခြေအနေအား ယနေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် တာဝန်ခံအင်ဂျင်နီယာများက မြေပြင် ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီစေရေး ကြိုးပမ်းဆောင်ရွက်သွားရန် တာဝန်ယူ ဆောင်ရွက်သည့် Shwe Group ကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာများအား ဆွေးနွေးမှာကြားခဲ့သည်။ ထို့နောက် ကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာများက ကျေးလက်ကုန်ထုတ်လမ်းဆောင်ရွက်နေမှုနှင့် စပ်လျဉ်းပြီး ဆောင်ရွက်ရန် ကျန်ရှိသည့်လုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပစ္စည်း စုဆောင်းထားရှိမှုများကို ရှင်းလင်းတင်ပြရာ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ပွင့်ဖြူမြို့နယ် မုန်တောကြီးကျေးရွာရှိ ဒေသခံတောင်သူများ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် အကောင်အထည်ဖော် ဆောင်ရွက်သည့် ကျေးလက်ကုန်ထုတ်လမ်းအရှည်ပေ ၆ ဖာလုံခွဲအား လမ်းအကျယ် ၁၂ ပေ၊ ထု တစ်ပေ ကိုးလက်မရှိ ကျောက်ရောမြေခင်း၍ မြေနီ ကျောက်စရစ်ခင်းခြင်းလုပ်ငန်းနှင့် အကျယ်အဝန်း (၁၈'×၆'×၆') Slab Culvert (၁)စင်းနှင့် အကျယ်အဝန်း (၁၈'×၃'×၃') Slab Culvert (၁)စင်း တည်ဆောက်ခြင်းလုပ်ငန်းတို့ကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၃၁ ဒသမ ၅ သန်းဖြင့် မကွေးမြို့၊ Shwe Group ကုမ္ပဏီမှ တာဝန်ယူ၍ ဇူလိုင် ၇ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၁၆ ရက် ယနေ့တွင် ၄၆ ရာခိုင်နှုန်း ဖောက်လုပ် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၁၄၁၃ အိမ်၊ လူဦးရေ ၆၅၅၁ ဦး၏ စိုက်ပျိုးမြေ ၄၀၀ ဧကမှ ထွက်ရှိသော သီးနှံထွက်ကုန်များကို ဈေးကွက်သို့ အလွယ်တကူ လျင်မြန်စွာ သယ်ယူပို့ဆောင်ရောင်းချနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )