ဝါးခယ်မတွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအတွက် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် ဆင့်ပွားသင်တန်း ဖွင့်လှစ်

ဝါးခယ်မ စက်တင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ အတွက် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် ဆင့်ပွားသင်တန်းကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က (၂)၊ အ.လ.က (၂)၊ အ.မ.က (စျေး)ကျောင်းများ၌ ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ်မှုများနှင့်အညီ ဖွင့်လှစ် သင်ကြားပို့ချလျက် ရှိသည်။

အဆိုပါ သင်တန်းတွင် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ၊ လုပ်ငန်းလမ်းညွှန်နှင့် ရပ်ကွက် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲများ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ လိုက်နာရမည့် ကျင့်ဝတ်၊ အငြင်းပွားမှုဖြေရှင်းခြင်းနှင့် စေ့စပ်ညှိနှိုင်းရေးအခန်းကဏ္ဍ၊ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအတွက် ရှောင်ရန် ဆောင်ရန်များကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက သင်ကြားပို့ချလျက်ရှိ သည်။

“အဓိကတော့ ရပ်ကွက်၊ ကျေးရွာအုပ်စုတွေက ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများအနေနဲ့ လုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများအတိုင်း တိတိကျကျ၊ မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်စေဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြားတာဖြစ်တယ်။  သင်တန်းပို့ချတဲ့အခါမှာလဲ ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ်မှုနဲ့အညီ အခြေခံပညာကျောင်း သုံးကျောင်းမှာ လူဦးရေ ၃၀ ဦးနှုန်းနဲ့ အချိန်ခွဲပြီး သင်ကြားပေးနေတာဖြစ်တယ်။ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၄၅ အုပ်စုက ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူး နှစ်ဦးစီ တက်ရောက်ရတာ ဖြစ်တယ်။ သင်တန်းကာလကတော့ နှစ်ရက်ကြာမှာ ဖြစ်ပါတယ်" ဟု မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါ်သိမ်းငွေက ပြောသည်။

လွှမ်းသီဟ(ပြန်/ဆက်)