သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့အဝင်အထွက် စစ်ဆေးရေး ဂိတ်များ ဖွင့်လှစ်၍ စစ်ဆေးဆောင်ရွက်

သဲကုန်း  စက်တင်ဘာ  ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိရောက်စွာ ထိန်းချုပ်ကာကွယ်နိုင်စေရန်အတွက် မြို့အဝင်အထွက်  နေရာများတွင်  စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်၍ ကျန်းမာရေး စစ်ဆေးခြင်းနှင့် ခရီးသွားရာဇဝင် ရယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စီစဉ်မှုဖြင့်  သဲကုန်းမြို့  ရပ်ကွက်(၄)  မြို့အ၀င်/အထွက် လမ်းဆုံ၊   ပုတီးကုန်းမြို့  မီးသတ်စခန်းရှေ့၊    အင်းမမြို့ မြို့မဈေး ကားဂိတ်တို့တွင်  ၂၀၂၀-ပြည့်နှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့မှ  စတင်၍ စစ်ဆေးရေးဂိတ်များ  ဖွင့်လှစ်စစ်ဆေးနေပြီး၊  မြို့နယ်အတွင်း ဖြတ်သန်းဝင်ရောက်လိုသူများအနေဖြင့် မိမိတို့ လာရောက်ရာ မြို့၊ ရွာများမှ  သက်ဆိုင်ရာ ရပ်ကွက် / ကျေးရွာ အုပ်ချုပ်ရေးမှူးများထံမှ နေထိုင်ကြောင်း ထောက်ခံစာ ယူဆောင် လာရမည်ဖြစ်ကြောင်းနှင့် ရောဂါပိုးတွေ့ရှိထားသည့် မြို့နယ်များမှ လာရောက်သူဖြစ်ပါက FQ(၁၄)ရက်၊ HQ(၇)ရက် ၀င်ရောက်ရမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးရေးဂိတ်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊   မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စေတနာ့၀န်ထမ်း(Volunteer)များ  ပါဝင်သော  ပူးပေါင်းအဖွဲ့ဖြင့် နေ့စဉ် စစ်ဆေး  ဆောင်ရွက်နေခြင်း ဖြစ်ပြီး   သတ်မှတ်ထားသည့်  စာရွက်စာတမ်း  အထောက်အထား  ပြည့်စုံခြင်း မရှိပါက မြို့နယ်အတွင်း ဖြတ်သန်းသွားလာခွင့်မပြုပဲ  နောက်ကြောင်းပြန်လွှတ်ခြင်းများ ဆောင်ရွက်နေကြောင်း သိရှိရသည်။

နိုင်လင်း(သဲကုန်းပြန်/ဆက်)