ရွှေတောင် အောက်တိုဘာ ၁၅
စာအုပ်၊ စာပေကိုချစ်မြတ်နိုးသူများ စာပေကိုမြတ်နိုး တန်ဖိုးထားတတ်စေရန်၊ စာပေ၏ တန်ဖိုးကိုနားလည်စေရန်နှင့် အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်ပိုင်းက စာအုပ်စာပေ ဝါသနာရှင်များ၊ စာပေချစ်သူများ Book Club နှင့် မုဒိတာ စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မုဒိတာ စာဖတ်ဝိုင်းတွင်စာပေချစ်သူများ Book Club အသင်းဥက္ကဋ္ဌ စာရေးဆရာမ အေပရယ်ယုနိုင် (ရွှေတောင်)က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နွေးဒါလီနိုင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကဗျာဆရာချစ်စုအောင်၏ မုဒိတာရင်ခွင် ကဗျာစာအုပ်မှမုဒိတာရင်ခွင် အိုင်ချင်းကဗျာနှင့် အပူနှင့်အအေးကဗျာတို့ကို စာပေချစ်သူများ Book Club အသင်းဥက္ကဋ္ဌ စာရေးဆရာမ အေပရယ်ယုန်ပိုင် (ရွှေတောင်) က ဖတ်ရှုဆွေးနွေးပြီး ဆရာကြီး ထွန်းအေးကြိုင် (ရွှေတောင်) မှ ချစ်အစွဲကဗျာနှင့် မျက်နှာချင်းဆိုင်ကဗျာစသည့် စာအုပ်ပါသိမှတ်ဖွယ်ရာ ဗဟုသုတများ၊ ကဗျာရသတို့ကို ဖတ်ကြားဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် စာပေချစ်သူ လူငယ်မောင်မယ်များက အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တက်ရောက်လာသူများအား စာပေကို မြတ်နိုးတန်ဖိုးထား တတ်ပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ မွေးမြူကြရန်နှင့် စာဖတ်ဝိုင်းများကို လစဉ်ပုံမှန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကိုကိုမင်း (ပြန်/ဆက်)