ကန့်ဘလူ အောက်တိုဘာ ၁၅
သီတင်းကျွတ်ကျောင်းပိတ်ရက်တွင် ကျောင်းသားလူငယ်များ စာကြည့်တိုက်နှင့်ရင်းနှီးပြီး စာပေကို ချစ်မြတ်နိုးတတ်လာသူများ ဖြစ်လာစေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြပွဲပြိုင်ပွဲများကို ယမန်နေ့ နံနက် ၁၀ နာရီက လူထုအခြေ ပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ပြပွဲပြိုင်ပွဲများပြုလုပ်ရာတွင် ကျောင်းသားကျောင်းသူများ ကျောင်းစာအပြင် အသိပညာဗဟုသု တတိုးပွားစေမည့် သုတရသစာအုပ်များကို ဖတ်ရှုလေ့လာကာ စာကြည့်တိုက်အား ငယ်ရွယ်စဥ်ကပင် အသုံးပြု တတ်လာစေရန်၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ ၊ပုံပြင်ပြောပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပူဖောင်း ဖောက်ပြိုင်ပွဲ၊ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များကို ပြသရာ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြပြီး ပြိုင်ပွဲများကိုလည်း ပျော်ရွှင်စွာဝင်ရောက်ယှဥ်ပြိုင်ကြခြင်းဖြင့် အချင်း ချင်း ပိုမိုရင်းနှီးလာစေမည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲများတွင် ကျောင်းသားကျောင်းသူ ၂၂ ဦးတို့က ပျော်ရွှင်စွာပါဝင်ယှဥ်ပြိုင်ကြပြီး လာရောက်ယှဥ်ပြိုင်ကြသည့် ကျောင်းသားကျောင်းသူများကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမှတ်တရလက်ဆောင်အဖြစ် ဗလာစာအုပ်များကို ပေးအပ်ခဲ့ကြောင်းသိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)