စလင်းမြို့နယ်တွင် စားသုံးသူရေးရာ အသိပညာပေး (Talk Show) ပြုလုပ်

စလင်း အောက်တိုဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အောက်တိုဘာ ၁၃ ရက်နေ့ နေ့လယ် ၂ နာရီ အချိန်က စားသုံးသူ ရေးရာ ကာကွယ်ရေး ဥပဒေအကြောင်းအသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် စလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသန်းမြင့်က အသိပညာပေး ဆွေးနွေးပွဲကျင်းပရသည့် အကြောင်းအရာများကို မိတ်ဆက်ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆန်းလင်းမောင်အား စားသုံးသူရေးရာဥပဒေများအကြောင်းကို မေးမြန်းခဲ့ရာ စားသုံးသူရေးရာဌာနမှ ဦးဆန်းလင်းမောင်မှ ရှင်းလင်းပြောကြားဆွေးနွေးခဲ့သည်။ စားသူသူရေးရာဥပဒေတွင် ပါဝင်သော စားသုံးသူကာကွယ် ရေးဥပဒေ အကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေမှာပါဝင်သော စကားရပ်များ၏အဓိပ္ပါယ်၊ စားသုံးသူကာကွယ်ရေး ဥပဒေနှင့် စားသုံးသူအခွင့်အရေးတာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့် အာမခံချက်များ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဝန်ဆောင်မှုနှင့်စပ်လျဥ်း၍ ဖော်ပြရမည့် အာမခံချက်များ၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဥ်း၍ စားသုံးသူဘက်မှတောင်းဆိုနိုင်သည့် အခွင့်အရေးစသည်တို့ကို အကျယ်တဝန်း ရှင်းလင်း ပြောကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

မောင်လွင်(စလင်း)