ပြည်ထောင်စုဘတ်ဂျက်ဖြင့် ဆောင်ရွက်ပေးသော ကျေးရွာလျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပြီးစီး

ဖြူး အောက်တိုဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ကျေးရွာပေါင်း(၃၀၀)ကျော်တွင် ကျေးရွာပေါင်း (၁၅၀)ရွာကျော်ခန့်သာ လျှပ်စစ်မီးရရှိ လျက်ရှိပြီး ကျေးရွာများ လျှပ်စစ်မီးရရှိပါက မြို့ပေါ်ဒေသများ နည်းတူသုံးစွဲနိုင်မှသာလျှင် အသေးစားလုပ်ငန်းများ ပိုမိုတွင်ကျယ်စွာ လုပ်ကိုင် နိုင်ရေးအတွက် ပြည်ထောင်စုဘတ်ဂျက်ဖြင့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ခဲ့သော ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၊ ကြာအင်းကုန်းကျေးရွာအုပ်စု၊ ဆင်ဆိပ်ကလေးကျေးရွာတွင်  အောက်တိုဘာလ ပထမအပါတ်က စတင်ကာ လျှပ်စစ်မီးရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါကျေးရွာ လျှပ်စစ်မီးရရှိရေးအတွက် မေလပိုင်းကစတင်ကာ 33/11KV-20MVA ဓါတ်အားခွဲရုံမှ ဓါတ်အားပို့လွှတ်ထားသော 11KV ကညွတ်ကွင်းမြို့တွင်းလိုင်းကို ချောင်းနားစုကျေးရွာမှ  Tap Off ယူ၍ 400Vလိုင်းဖြင့် အဆိုပါ ဆင်ဆိပ်ကလေးကျေးရွာအထိ ပြည်ထောင်စု ဘတ်ဂျက်ဖြင့် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုမှတဆင့် ကျေးရွာကိုယ့်အားကိုယ်ကိုးအစီအစဉ်ဖြင့် ကျေးရွာတွင်း 400Vလိုင်း နှင့် (200KVA)ထရန် စဖော်မာကိုသာ ကျေးရွာမီးလင်းရေးကော်မတီက ဦးဆောင်ကာ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ကျေးရွာအရောက် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်၍ လျှပ်စစ်ဓာတ်အား ပို့လွှတ်ပေးထားရာ ယခုအခါတွင် အိမ်ခြေ(၅၀)အတွက် မီတာ တပ်ဆင်ကာ လျှပ်စစ်မီးရရှိသုံးစွဲနေနိုင်ပြီဖြစ်ကြောင်း ကျေးရွာဒေသခံများထံမှ သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)