ပခုက္ကူ အောက်တိုဘာ ၁၄
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်း(ပခုက္ကူ)၌ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးသော အမျိုးသမီးများအတွက် အဆင့်မြင့်စက်ချုပ်ပညာ သင်တန်းများအပြင် အခြေခံလက်မှု ပညာသင်တန်း၊ မု့န်လုပ်နည်းသင်တန်း၊ ဟင်းလျာ ချက်ပြုတ်နည်း သင်တန်းများကို နှစ်စဉ် ဖွင့်လှစ်သင်ကြားပေးလျက် ရှိရာ ယနေ့အထိ အမျိုးသမီးငယ် သင်တန်းသူ(၃၂၅၅)ဦးကို သင်ကြား မွေးထုတ်ပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်နှင့် မြို့နယ်အတွင်းရှိ ပြည်သူများအားလုံး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာရပ်များ ဖွင့်လှစ်သင်ကြား ပေးခြင်းကြောင့် ကျေးလက်ဒေသ အမျိုးသမီးများ အနေဖြင့် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများ ဖော်ဆောင်ကာ မိမိဘဝ၊ မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေးတွင် လက်တွေ့ကျကျ ပါဝင်ဆောင်ရွက်နိုင်ရေး၊ ကျေးလက်နေ ပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး၊ တစ်ဦးချင်း ဝင်ငွေတိုးပွားခြင်းဖြင့် ဆင်းရဲနွမ်းပါးမှု လျော့ချနိုင်ရေး၊ တတ်မြောက်ထားသော အတတ်ပညာများကို မှန်ကန်စွာ အသုံးချ၍ မိသားစုဝင်ငွေကို တစ်ဖက်တစ်လမ်းမှ သမာအာဇီဝကျစွာ ရှာဖွေနိုင်ရေးတို့အတွက် ရည်ရွယ်ဖွင့်လှစ် သင်ကြားပေးခြင်း ဖြစ်ကြောင်း၊ သင်တန်းကျောင်းတွင် အဆင့်မြင့် စက်ချုပ် ပညာသင်တန်းများ အပြင် အခြေခံလက်မှု ပညာသင်တန်း၊ မု့န်လုပ်နည်း သင်တန်း၊ ဟင်းလျာ ချက်ပြုတ်နည်း သင်တန်းများကို အခေါ်အဝေါ်၊ အကိုင်အတွယ်၊ အတွက်အချက်များမှ စတင်ပြီး ကျွမ်းကျင်ပိုင်နိုင်စွာ ဆွဲတတ်၊ ချုပ်တတ်သော အဆင့်ရောက်သည်အထိ ကျေးလက်ဒေသမှ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးသော အမျိုသမီးငယ်များကို နေထိုင်စားသောက်ရေးနှင့် သင်ထောက်ကူ ပစ္စည်းများအား စရိတ်ငြိမ်းဖြင့် စာတွေ့၊ လက်တွေ့ စနစ်တကျ သင်ကြားပေးလျက်ရှိပြီး သင်တန်း ပြီးဆုံးပါက တစ်နိုင်တစ်ပိုင် လုပ်ကိုင်နိုင်ရန် အပ်ချုပ်စက်များ အရစ်ကျ ရောင်းချပေးခြင်း၊ သင်တန်း ထူးချွန်ဆုရရှိသူ များအား အပ်ချုပ်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နိုင်ရန် အပ်ချုပ်စက် တစ်လုံးစီ ဆုချီးမြှင့် ပေးအပ်ခြင်းတို့ကို ဆောင်ရွက်လျက် ရှိကြောင်း၊ ကျောင်းတွင်း သင်တန်းများအပြင် ပြင်ပအသိပညာ ဗဟုသုတများ တိုးပွားရရှိစေရန် လူကုန်မှု တားဆီး ကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေး၊ သတင်းအမှားအမှန် ခွဲခြားနိုင်ရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲများ၊ ကြက်ခြေနီ ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း ဖွင့်လှစ်သင်ကြားခြင်းတို့ကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ပေးလျက် ရှိကြောင်း အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း (ပခုက္ကူ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးမြင့်က ပြောပြသည်။
အဆိုပါ သင်တန်းကျောင်းတွင် ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့အထိ အခြေခံအိမ်တွင်းမှု သင်တန်းတက်ရောက်ပြီးသူ ၁၉၅၄ ဦး၊ အဆင့်မြင့် စက်ချုပ်သင်တန်း တက်ရောက်ပြီးသူ ၇၆၀ ဦး၊ ကြိမ်/ဝါး သင်တန်း တက်ရောက်ပြီးသူ တစ်ဦး၊ ဟင်းလျာ ချက်ပြုတ်နည်း သင်တန်း တက်ရောက်ပြီးသူ ၃၇၅ ဦး၊ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း တက်ရောက်ပြီးသူ ၁၆၅ ဦး၊ စုစုပေါင်း သင်တန်းသူ ၃၂၅၅ ဦးကို သင်ကြား မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)