ဒေးဒရဲမြို့၌ ပြည်သူများလှူဒါန်းငွေဖြင့် ဆောင်ရွက်ခဲ့သည့် ကွန်ကရစ်လမ်းဖွင့်ပွဲနှင့် ရေစက်ချ မင်္ဂလာ အခမ်းအနားကျင်းပ

ဒေးဒရဲ အောက်တိုဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အမှတ်(၃) ရပ်ကွက်ရှိ ဆုတောင်းပြည့်စုံ ကျိုက်ဒေးယျုံစေတီတော်မြတ်ကြီး၏ ဝတ္တကမြေပေါ်ရှိ ကျောင်းကြီးကျောင်းကွန်ကရစ် လမ်းသစ်ဖွင့်ပွဲနှင့် ရေစက်ချ မင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီက ကျိုက်ဒေးယျုံစေတီတော်ရှိ အာရုံခံတန်ဆောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များ တက်ရောက် ခဲ့ကြသည်။

အခမ်းအနားတွင် တက်ရောက်လာသူများက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ကျိုက်ဒေးယျုံစေတီတော်မြတ်ကြီး၏ ဝန်ဆောင်ဆရာတော် ဘဒ္ဒန္တကောဝိဒထံမှ သီလခံယူဆောက်တည်ခြင်း၊ ဝန်ဆောင်ဆရာတော်များက ပရိတ်တရားတော်များ ရွတ်ပွား ပူဇော်ကြပြီး တက်ရောက်လာသူများက ရေစက်ချအနုမောဒနာတရားတော် နာယူခဲ့ကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဝန်ဆောင်ဆရာတော်များဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အလှူရှင်များက လမ်းဖွင့်ပွဲ ကဗ္ဗည်းမော်ကွန်းကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ပြီး ကွန်းကရစ်လမ်းအား ကြည့်ရှု့ခဲ့ကြောင်း သိရသည်။ အဆိုပါလမ်းမှာ အရှည်(၄၄၀) ပေ၊ အကျယ်(၁၀)၊ ထု (၆) လက်မဖြင့် အများပြည်သူ ထည့်ဝင်ငွေ ကျပ်(၁၂၇) သိန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ ယင်းလမ်းဖွင့်လှစ်ခြင်းကြောင့် တော်ကျိုက်ကျေးရွာအုပ်စုနှင့် သံဒင်းကျေးရွာများရှိ ပြည်သူများ ဒေးဒရဲမြို့တွင်းသို့ လွယ်ကူစွာ သွားလာနိုင်မည် ဖြစ်ကြောင်း သိရသည်။