ဘုတလင် စက်တင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ညောင်ကန်ကျေးရွာတွင် ကန်သာကြီး မြေသားကန် ပြန်လည်တူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဟံထွန်း၊ မြို့နယ်အရည်အသွေး စစ်ဆေးရေးအဖွဲ့ ခေါင်းဆောင် ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကန်သာကြီး မြေသားကန်နှင့် ရေပေးမြောင်းများ ပြန်လည်တူးဖော်ခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေ ၂၃ ဒဿမ ၇ သန်းဖြင့် ရွှေသိန်းကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်နေမှု အခြေအနေများကို ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိ သူများက ရှင်းလင်းတင်ပြခဲ့ကြသည်။
အဆိုပါမြေသားကန် ပြန်လည်တူးဖော်ခြင်းလုပ်ငန်းကို သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်း ပြည့်မီစွာ ပြီးစီးရေးအတွက် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဟံထွန်း၊ မြို့နယ် အရည်အသွေး စစ်ဆေးရေးအဖွဲ့ ခေါင်းဆောင် ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖိုးခါး(ပြန်/ဆက်)