နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း(ဘားအံ)မှ စုစုပေါင်း သင်တန်း (၄၁)ကြိမ် တွင် သင်တန်းသား ၉၂၅ ဦးမွေးထုတ်ပေးနိုင်ခဲ့ပြီး ၇၅၀ ဦးမှာ လုပ်ငန်းခွင်ဝင်ရောက်လုပ်ကိုင်

ဘားအံ အောက်တိုဘာ ၁၄

နယ်စပ်ဒေသရှိ ပုံမှန်ပညာသင်ကြားခွင့်မရသော တိုင်းရင်းသားလူငယ်များအတွက် စက်မှုလက်မှု ပညာရပ်များဖြင့် အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် ဘားအံမြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းတွင် သင်တန်းများဖွင့်လှစ် သင်ကြားပို့ချပေးလျက်ရှိရာ စုစုပေါင်းသင်တန်း (၄၁) ကြိမ်တွင် သင်တန်းသား ၉၂၅ ဦးမွေးထုတ် ပေးနိုင်ခဲ့ပြီး ၇၅၀ ဦးမှာလုပ်ငန်းခွင်ဝင်ရောက်၍ ရာခိုင်နှုန်းအားဖြင့် ၈၁ ရာခိုင်နှုန်းအလုပ်အကိုင် အခွင့်အလမ်းများရရှိခဲ့ကြောင်း ယနေ့နံနက် ၁၀ နာရီခန့်က အဆိုပါ သင်တန်းကျောင်းတွင် ကျင်းပသည့် သင်တန်းများဆင်းပွဲမှ သိရသည်။

အဆိုပါသင်တန်းများကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် Sustainabridge (SB)တို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး ယနေ့သင်တန်းဆင်းပွဲတွင် ဆောက်လုပ်ရေးသင်တန်းအမှတ်စဉ်(၁၂)၊ လျှပ်စစ် သင်တန်းအမှတ်စဉ်(၁၂)၊ မော်တော်ယာဉ်စက်ပြင်သင်တန်း အမှတ်စဉ်(၁၁)နှင့် ဂဟေသင်တန်းအမှတ်စဉ်(၁၀)တို့မှ စုစုပေါင်းသင်တန်းသား/သူ ၆၀ ဦးသင်တန်း ဆင်းခဲ့ကြသည်။

သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယခုသင်ကြားတတ်မြောက်သွားသည့် အသက်မွေးဝမ်းကျောင်းပညာရပ်များကို တန်ဖိုးထား၍ ခေတ်နှင့်လျော်ညီသည့် ပညာရပ်များကို ဆက်လက်လေ့လာ ဆည်းပူးသွားကြစေလိုကြောင်း၊ လုပ်ငန်းခွင်ဝင်ရောက်ကြမည့်သင်တန်းသားများအနေဖြင့် လုပ်ငန်းခွင်တွင်ခိုကပ်မနေဘဲ ကြိုးကြိုးစားစားလုပ်ကိုင်၍ မိမိ၏ဂုဏ်သိက္ခာနှင့် သင်တန်းကျောင်း၏ဂုဏ်သိက္ခာကို ထိန်းသိမ်းမြှင့်တင်ကြစေလိုကြောင်း၊ သင်တန်းမှပို့ချပေးခဲ့သည့် ပညာရပ်များကို လက်တွေ့အသုံးချကာ ကိုယ် ပိုင်စီးပွားရေးလုပ်ငန်းများထူထောင် နိုင်သည်အထိ ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် Sustainabridge (SB) ဘားအံရုံးမှ အစီအစဉ်ညှိနှိုင်းရေးမှူးတို့က သင်တန်းဆိုင်ရာအချက်အလက်များကိုရှင်းလင်း ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် တာဝန်ရှိသူများက သင်တန်းထူးချွန်ဆုများနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ သင်တန်းသားများကိုယ်စား သင်တန်းဆင်းသင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စာတွေ့လက်တွေ့သင်ကြားပို့ချပေးခဲ့သော စက်ရုံအလုပ်ရုံများနှင့်သင်တန်းဆင်းသင်တန်းသားများကိုယ်တိုင်ဆောင်ရွက်ထားသော သင်တန်းဆင်းလက်ရာများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)