မင်းဘူးခရိုင်းအတွင်း ဆောင်းနေကြာသီးနှံကို လျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မင်းဘူး အောက်တိုဘာ ၁၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်များတွင် ယခုနှစ် ဆောင်းနေကြာသီးနှံကို လျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်စေရေးအတွက် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို (ယနေ့) နံနက် ၉ နာရီခွဲအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး တင့်ကျော်တို့က ဆောင်းနေကြာသီးနှံကို လျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး၊ ခရိုင်းအတွင်းရှိ စိုက်ကြပ်အဖွဲ့ဝင်များအနေဖြင့် ဆောင်းနေကြာစိုက်ပျိုးချိန်တွင် ဒေသခံတောင်သူ များနှင့်တွေ့ဆုံ၍ တောင်သူများ၏ တင်ပြချက်များအား အလေးထားပြီး ကူညီဆောင်ရွက်ပေးနိုင် ရေးတို့ကို ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသော မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မြေစာရင်းဦးစီးမှူး များနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးများက ဆောင်းနေကြာသီးနှံကို မြို့နယ်အလိုက်စိုက်ပျိုးသွားမည့် လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြမှုများပေါ် ခရိုင်အဆင့်တာဝန်ရှိသူများက လိုအပ်သည် များကို ဖြည့်ရှင်းလင်းပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မိုးနေကြာ သီးညှပ်/သီးသန့် စိုက်ပျိုးချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့က တစ်ဧက တစ်ပြည်နှုန်းဖြင့် အခမဲ့ထောက်ပံ့ပေး ထားသော နေကြာမျိုးစေ့များကို အခြားတောင်သူများအား ပြန်လည်ဖြန့်ဖြူးပေးနိုင်ရေး မျိုးစေ့များ စနစ်တကျ ပြန်လည်ကောက်ခံသွားရန် မှာကြားခဲ့သည်။

 မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်(၅)ခုတွင် ယခုနှစ် ဆောင်းနေကြာသီးနှံကို မင်းဘူး(စကု) မြို့နယ်က (၃၃၅၀၄)ဧက၊ ပွင့်ဖြူမြို့နယ်က (၂၆၇၅၅)ဧက၊ စလင်းမြို့နယ်က (၃၆၆၂၂)ဧက၊ ငဖဲမြို့နယ်က (၂၃၉၈)ဧကနှင့် စေတုတ္တရာမြို့နယ်က (၅၄၆၆)ဧက၊ စုစုပေါင်း (၁၀၄၇၄၅)ဧကအထိ စိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးမှူးရုံးမှ သိရသည်။

မောင်မောင်(မင်းဘူး)