ကလိန်အောင်မြို့တွင် ယခုနှစ် ရာဘာရာသီစတင်ချိန် ခြံဖွင့်ဈေး ယခင်နှစ်ကထက် ဈေးကောင်းပိုရ

ကလိန်အောင် အောက်တိုဘာ ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ယခုနှစ်ခြံဖွင့်ရာသီစတင်ချိန်၌ ရာဘာဈေးနှုန်း‌ပေါက်ဈေးမှာ ပြီးခဲ့သည့်နှစ် ခြံဖွင့်ရာသီကထက် ဈေးပိုရကြောင်း ဒေသတွင်းရာ ဘာစိုက်တောင်သူများထံမှ သိရသည်။

"ခြံက အစေးစပြီး ခြစ်နေပြီ၊ အစဆိုတော့ အစေးအထွက်နည်းသေးတယ်၊ မနှစ်ကထက်တော့ ဈေးပိုရပါတယ်၊ ခုအချိန်ကခြံထဲက ထွက်သလောက် တစ်ပတ်၊ ဆယ်ရက် တစ်ခါ စုပြီး ရောင်း တာ‌ပေါ့၊  ခုချိန်က မိုးလေ မမှန်သေးဘူးဆိုတော့ ရသလောက်နဲ့ နေလှမ်းပြားဘဲ ရောင်းပါတယ်၊ ခြံဖွင့်‌ အစေးစခြစ်တဲ့ ရာသီရောက်နေပြီဆိုပေမယ့် ကျွမ်းကျင်တဲ့ ရာဘာအငှားခြစ်သူတွေ ရှာရခက်ပြီး အငှားခက်လာတာ‌ကြောင့် ဒီနယ်တကြောမှာတော့ မခြစ်နိုင်ကြသေးတဲ့ ခြံအတော်များပါ သေးတယ်"  ဟု ရာဘာစိုက်တောင်သူ တစ်ဦးက ပြောသည်။

ယခင်နှစ်က ရာဘာတစ်ပေါင် ၉၅၀ ကျပ်ခန့်ဖြင့် ဈေးဖွင့်ခဲ့ပြီး ယခုနှစ်တွင် ၁၃၀၀ ကျပ်ဝန်းကျင်ဖြင့် ဈေးဖွင့်ခဲ့ကာ နေလှန်းပြားများကိုသာ လာရောက်ရောင်းချသူများကြောင်း ရာဘာ ရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

"အရောင်းအဝယ် စဖွင့်တာက တစ်လလောက်ရှိပြီ၊ ဖွင့်ချိန်က တစ်ပေါင်ကို ၁၃၀၀ ကျပ်နဲ့ ဈေးဖွင့်ဝယ်တယ်၊ ဈေးကမတည်ငြိမ်သေးဘူး တက်လိုက်ကျလိုက်နဲ့ ခုချိန်မှာတော့ အလွတ်တစ်ပေါင်ကို ၁၄၀၀ ကျပ်၊ နေလှမ်းပြားကတော့  ၁၂၀၀ ကျပ်၊ မှိုင်းခံရာဘာပြား(၁၁၅၀)နဲ့ ဝယ်ယူနေတယ်"ဟု ရာဘာရောင်းဝယ်ရေးမှ ဆိုင်ရှင်တစ်ဦးက ပြောသည်။

ယခုနှစ်တွင် ဈေးကွက်ဖွင့်ချိန် စောပြီး ရာဘာတောင်သူအချို့မှာ လက်ရှိအချိန်အထိ လုပ်ငန်းခွင် စတင်ရန် ပြင်ဆင်နေဆဲဖြစ်ကြောင်း၊ ခြံရှင်တောင်သူအချို့မှာလည်း အစေးခြစ်သူ အလုပ်သမားများ ရှားပါးနေခြင်းကြောင့် လုပ်ငန်းခွင်စတင်ရန် အခက်အခဲရှိနေကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)