ပုသိမ် အောက်တိုဘာ ၁၄
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန ဧရာဝတီ တိုင်း၊ ပုသိမ်မြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းကို (၁)နှစ်လျှင် (၈)ကြိမ် ဖွင့်လှစ် ပေးလျက်ရှိရာ ယခု(၄/၂၂-၂၃) သင်တန်းကို စက်တင်ဘာလ ၅ ရက်နေ့မှ အောက်တိုဘာလ ၁၄ ရက်နေ့ အထိ သင်ကြားပို့ခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် (၄/၂၀၂၂-၂၀၂၃) သင်တန်းဆင်းပွဲကို ပုသိမ်မြို့ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းလူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်နော်သဝါးမှ သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး သင်တန်းသူများအားလုံး ကိုယ်စား သင်တန်းသူသုံးဦးအား သင်တန်းဆင်းလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကာ သင်တန်းသူများထဲမှ ထူးချွန်ကျွမ်းကျင်သော သင်တန်းသူ အား "အပ်ချုပ်စက်" (၁)လုံး ထူးချွန်ဆုအား ပေးအပ်ချီးမြှင့်ခဲ့ပြီး ထူးချွန်ဆုရသင်တန်းသူမှ သင်တန်းသူ များကိုယ်စား ကျေးဇူးတင် ဝမ်းသာစကားပြောကြားသည်။
အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ အိမ်တွင်းမှု ပညာရပ်များ ဖြင့် ကျွမ်းကျင်လုပ်သားများဖြစ်လာပြီး မိမိကိုယ်တိုင်ရပ်တည်နေထိုင်စေရန်နှင့် အမျိုးသား၊ အမျိုးသမီး များ မိသားစုအိမ်တွင်း တစ်နိုင်တစ်ပိုင်စီးပွားပြုနိုင်ရန် ရည်ရွယ်ပြီး သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကာ သင်တန်းမှာ ဘာသာရပ်(၁၅)မျိုး သင်ကြားပေးလျက်ရှိရာ ဘာသာရပ်များထဲမှ မိမိတို့ စိတ်ဝင် စားသည့် ဘာသာရပ်များကို တက်ရောက်သင်ကြားနိုင်မှာ ဖြစ်ပြီး သင်တန်းအပါတ်စဉ် (၁)ခုလျှင် (၁)လခွဲ သင်ကြား ပေးလျက်ရှိရာ ယခု (၄/၂၂-၂၃) သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၇၂)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်းပွဲအပြီးတွင် တိုင်းလူမှုဝန်ထမ်းဦးစီးမှူး သင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် သင်တန်းသူများ အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံများရိုက်ခဲ့ကြ ကြောင်း သိရသည်။
မြင့်ဟန်